ခြူးစန္ဒီနွေး
ဆူဒန်နိုင်ငံအား အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံစာရင်းထဲ အမေရိကန်က ထည့်သွင်းထားခဲ့တာ ကာလ အတန်ကြာမြင့်ခဲ့ပါပြီ။
ဖယ်ရှားပေးဖို့နီးစပ်လာ
အခုအခါမှာတော့ အမေရိကန်နိုင်ငံခြာရေး ဝန်ကြီးဌာနက အဲဒီစာရင်းထဲကနေ ဆူဒန်နိုင်ငံ ကို ဖယ်ရှားပေးတော့မယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတထရမ့်ရဲ့ ရွေးကောက်ပွဲ မတိုင်မီ သံတမန်ရေးရာ ရည်မှန်းချက်ကတော့ ဆူဒန်နိုင်ငံကို အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးတဲ့ စာရင်းကနေ ဖယ်ရှားပေးပြီး အစ္စရေးနိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်ဖို့ ပါပဲ။
ထရမ့်၏ သဘောထားကိုကြေညာ
၂၀၁၈ ခုနှစ်ကတည်းက အမေရိကန် ပြည်ထောင်စုနဲ့ ဆူဒန်နိုင်ငံတို့ဟာ တရားဝင် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ လအနည်းငယ်မှာတော့ စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဆောင်တာ ပိုမိုစိပ်လာခဲ့ပါတယ်။ အဲဒီ နောက် အောက်တိုဘာ ၁၉ ရက်မှာတော့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ သဘောထားကို ကြေညာခဲ့ပါတယ်။
အစ္စရေးနိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေးထူထောင် တဲ့ နောက်ထပ်အာရပ်နိုင်ငံတစ်နိုင်ငံ တိုးလာ ဖို့ရာ ဆူဒန်နိုင်ငံကို အကြမ်းဖက်စာရင်းကနေ ဖယ်ရှားပေးဖို့ဆိုတာ ကနဦးလုပ်ဆောင်ပေး ရမယ့် အရာတစ်ခုပါပဲ။ ဆူဒန်နိုင်ငံနဲ့ အစ္စရေး တို့ဟာ ပုံမှန်ဆက်ဆံရေးထူထောင်နိုင်တော့ မယ်လို့ အမေရိကန် အရာရှိနှစ်ဦးက ပြောပါ တယ်။ အကြမ်းဖက်စာရင်းကနေ ဆူဒန်ကို ဖယ်ရှားပေးပြီးနောက် စတင်နိုင်လိမ့်မယ်လို့ သူတို့က ပြောပါတယ်။
လျော်ကြေး ဒေါ်လာ ၃၃၅ သန်းပေးဆောင်ဖို့လို
အမေရိကန်သမ္မတထရမ့်ဟာ သူ့ရဲ့ သံတမန်ရေးရာအရ အောင်မြင်မှုတွေကို မဲဆန္ဒရှင်တွေဆီ ချပြလိုတယ်၊ အရှေ့အလယ် ပိုင်းဒေသနဲ့ မြောက်အာဖရိကနိုင်ငံတို့မှာ တင်းမာမှုတွေ လျှော့ချလာနိုင်တယ်ဆိုတဲ့ သံတမန်စွမ်းဆောင်ရည်ကို ပြသလိုပါတယ်။
အကြမ်းဖက်မှုမှာ သားကောင်ဖြစ်ခဲ့ရတဲ့ အမေရိကန် မိသားစုတွေကို လျော်ကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၅ သန်းပေးဖို့ ဆူဒန် အစိုးရသစ်က သဘောတူထားပါတယ်လို့ ထရမ့်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။
အာမခံငွေရပြီဆိုတာနဲ့ ဆူဒန်နိုင်ငံကို အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးတဲ့ နိုင်ငံစာရင်းကနေ ဖယ်ရှားပေးမယ်ဆိုပြီး ထရမ့်က ပြောပါတယ်။ အဲဒီစာရင်းကနေ ဖယ် ရှားပေးခြင်းခံရဖို့အတွက်ဆိုရင် ဆူဒန်နိုင်ငံဟာ လျော်ကြေးအနေနဲ့ အမေရိကန်နိုင်ငံကို ဒေါ်လာ ၃၃၅ သန်းပေးဆောင်ရမှာပါ။
ကောက်ချက်ချခဲ့
၁၉၉၈ ခုနှစ်က ကင်ညာနိုင်ငံနဲ့ တန်ဇန်းနီး ယားနိုင်ငံတို့မှာ အမေရိကန်သံရုံးကို အယ်ကိုင် ဒါတွေက တိုက်ခိုက်မှုနဲ့ ၂၀၀၀ ပြည့်နှစ်မှာ ရေတပ်သင်္ဘော ယူအက်စ်အက်စ်ကိုးလ် တိုက်ခိုက်ခံရမှုတို့အတွက် လျော်ကြေး ပေးဆောင်ရမှာပဲ ဖြစ်ပါ တယ်။ ဆူဒန်နိုင်ငံကို ၁၉၉၃ ခုနှစ်ကတည်းကစတင်ပြီး အကြမ်းဖက် သမားများကို ထောက်ပံ့ပေးတဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ဆူဒန်နိုင်ငံ ခေါင်းဆောင် အိုမာဟတ်ဆန်အယ် ဘတ်ရှီရာ က ဟစ်ဇ်ဘိုလာနဲ့ ပါလက်စတိုင်း စစ်သွေးကြွ အုပ်စုတွေကို ခိုလှုံရာနေရာနဲ့ အခြားသော ထောက်ပံ့မှုတွေ ပေးခဲ့တယ်ဆိုပြီး အမေရိကန် အာဏာပိုင်တွေက ကောက်ချက်ချခဲ့ကြတာပါ။
အဲဒီအဖွဲ့တွေဟာ အမေရိကန်ရဲ့ အကြမ်း ဖက်အုပ်စု စာရင်းဝင်အဖွဲ့တွေပါ။ သံရုံးတိုက် ခိုက်ခံရမှုနဲ့ သင်္ဘောကို အသေခံတိုက်ခိုက်မှုတို့ မှာ ဆူဒန်နိုင်ငံ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး အမေရိကန်တရားရုံးက ကောက်ချက်ချခဲ့ ပါတယ်။
သဘောထားကွဲလွဲမှုဖြစ်ပေါ်
ယခုဆူဒန်အသွင်ကူးပြောင်းရေး အစိုးရ သစ်ကတော့ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်မလားဆိုတာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းကတော့ ဆူဒန် ဝန်ကြီးချုပ် အဗ္ဗဒယ်လာဟမ်းဒေါ့က အစ္စရေး နဲ့ ဆက်ဆံရေးအတွက် သူသဘောမတူနိုင်ဘူး ဆိုပြီး ပြောကြားခဲ့ပါတယ်။
အစ္စရေးနိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေးလုပ်မယ် ဆိုရင် တိုင်းပြည်အတွင်းမှာ မငြိမ်သက်မှုတွေပေါ်ပေါက်လာနိုင်တယ်လို့ အရင်ကတည်းက သတိပေးထားခဲ့ပြီးသားပါ။
၁၉၆၇ ခုနှစ် အစ္စရေး- အာရပ် စစ်ပွဲ အပြီးမှာတော့ အစ္စရေးကို အသိအမှတ်ပြုမှုနဲ့စေ့စပ်ညှိနှိုင်းမှုတို့ မလုပ်ဘူးဆိုပြီး အာရပ် အသင်းကြီးကနေ ကြေညာခဲ့ပါတယ်။
တိတ်တဆိတ်ကြိုးပမ်းခဲ့
ပြီးခဲ့တဲ့လမတိုင်ခင် အချိန်ထိကတော့ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးထူထောင်တဲ့ နိုင်ငံဆိုလို့ အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံနှစ်နိုင်ငံပဲ ရှိ ပါတယ်။
စက်တင်ဘာလအတွင်းမှာတော့ အဲဒီ အခြေအနေဟာ ပြောင်းလဲသွားပါတယ်။ ယူအေအီးနဲ့ ဘာရိန်းနိုင်ငံတို့ အစ္စရေးနဲ့ ပုံမှန် ဆက်ဆံရေးပြုလုပ်နိုင်ဖို့အတွက် အမေရိကန် သမ္မတထရမ့်က အကူအညီပေးခဲ့ပါတယ်။ ပြီးခဲ့ တဲ့နှစ်အတွင်းမှာ အစ္စရေးဟာ ဆူဒန်နိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်နိုင်ဖို့ တိတ်တဆိတ် ပဲ ကြိုးပမ်းခဲ့ပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာ အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟုက ဆူဒန် ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အဗ္ဗဒူလ်ဖာ တာအယ်ဘူဟန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အစ္စရေးစီးပွားရေးလေကြောင်းလိုင်းတွေကို ဆူဒန်နိုင်ငံ လေပိုင် နက်ကနေ ပျံသန်းခွင့်ပေးခဲ့ပါတယ်။
နောက်ထပ်မက်လုံး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန် ပီအို ဆူဒန်နိုင်ငံ ခါတွန်မြို့ကို လာရောက်တဲ့အခါ မှာ ဝန်ကြီးချုပ် ဟမ်းဒေါ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်နိုင်ငံကသာ အကြမ်းဖက် သမားတွေကို ကူညီပေးတဲ့ နိုင်ငံစာရင်းကနေ ဆူဒန်နိုင်ငံကို ဖယ်ရှားပေးမယ်ဆိုရင် အစ္စရေး နိုင်ငံကို ဆူဒန်နိုင်ငံက အသိအမှတ်ပြုပေးမယ် ဆိုပြီး မစ္စတာဟမ်းဒေါ့က မိုက်ပွန်ပီအိုကို ပြောခဲ့တယ်ဆိုပြီး ဆူဒန်အရာရှိတွေက ပြောခဲ့ ပါတယ်။
နောက်ထပ်မက်လုံးအနေနဲ့ ဆူဒန်နိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီတွေအတွက် သန်း ၈၀ အကူအညီပေးမယ် ဆိုပြီး မိုက်ပွန်ပီအိုက ကမ်းလှမ်းခဲ့ပါတယ်။
အသွင်ကူးပြောင်းရေးကို ထိခိုက်မှာ စိုးရိမ်
အဲဒီအချိန်ကစလို့ ဆူဒန်ခေါင်းဆောင် ပိုင်းမှာ သဘောထားကွဲလွဲစရာတွေ ပေါ်ပေါက် လာပါတယ်။ တစ်ဖက်ကလည်း အကြမ်းဖက် သမားတွေကို ကူညီတဲ့ နိုင်ငံစာရင်းကနေ ပယ်ဖျက်ပြီး စီးပွားရေးကို တိုးတက်အောင် လုပ်ဆောင်လိုပေမယ့် တခြားတစ်ဖက်မှာလည်း အစ္စရေးနိုင်ငံကို အသိအမှတ်ပြုပေးလိုက်ခြင်း ဖြင့် နိုင်ငံအတွင်း မငြိမ်မသက်မှုတွေ ဖြစ်ပေါ် လာပြီး တိုင်းပြည်ရဲ့ ဒီမိုကရက်တစ်အသွင် ကူးပြောင်းရေး ထိခိုက်လာမှာကို စိုးရိမ်နေကြ ရပါတယ်။
နောက်ပြီး အမေရိကန်ကို နစ်နာကြေး အနေနဲ့ ဒေါ်လာ ၃၃၅ သန်းပေးရတဲ့နေရာမှာ လည်း အခက်အခဲတွေ ရှိနေပါတယ်။ ဆူဒန် နိုင်ငံမှာရှိတဲ့ ၄၅ သန်းသော ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုကြားထဲမှာ နေထိုင်နေရပါတယ်။
အဲဒါကြောင့် ၃၃၅ သန်း ထက်ကျော်ပြီး ပေးဖို့ဆိုတာ မတတ်နိုင်ဘူးလို့ ဆူဒန်အရာရှိ တွေက ပြောပါတယ်။
အဓိက ဦးစားပေးအစီအစဉ်
ဒီကိစ္စကို အတည်ပြုဖို့ အမေရိကန် လွှတ်တော်ရဲ့ ခွင့်ပြုချက်ရရှိဖို့လည်း လိုပါသေး တယ်။
အကြမ်းဖက်သမားတွေကို ကူညီတဲ့ နိုင်ငံ စာရင်းကနေ ဖယ်ရှားခံရဖို့ဆိုတာ ဆူဒန် အသွင်ကူးပြောင်းရေး အစိုးရအတွက်တော့ အဓိကဦးစားပေး အစီအစဉ်ပါပဲ။
အဲဒီစာရင်းကနေ ပယ်ဖျက်ပေးမှသာ ဆူဒန် နိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေကို မျှော်လင့်လို့ရမှာပါ။ ။
ကိုးကား - နယူးယောက်တိုင်းမ်