မလှိုင် ၂၁  ဇန်နဝါရီ 


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့ ရပ်ကွက်ကြီး (၁) နယ်မြေ (၆)ရှိ မြို့တော်ခန်းမ (ခေါ်) ပန်းလှိုင်ရွှေဝါခန်းမတွင် စည်ပင်သာယာရန်ပုံငွေဖြင့် အဆင့်မြင့် အများသုံးသန့်စင်ခန်း တည်ဆောက်မည်ဖြစ်ကြောင်း မလှိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။


မလှိုင်မြို့နယ် စည်ပင်သာယာအဖွဲ့ပိုင် ဈေးအရှေ့ဘက် နယ်မြေ(၇)ရှိ အများသုံး ဈေးသန့်စင် ခန်းမှာ နှစ်ကာလကြာမြင့်၍  ပြုပြင်အသုံးပြုနေရခြင်းများ ရှိနေခြင်း/ လူဦးရေ တိုးတတ်လာ သည်နှင့်အမျှ အသုံးပြုသူ များပြားလာခြင်းတို့ကြောင့် လုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် လည်းကောင်း၊  မလှိုင်မြို့၏ တစ်ခုတည်းသော မြို့တော်ခန်းမဖြစ်သည့် စည်ပင်သာယာရေး အဖွဲ့ပိုင် ပန်းလှိုင်ရွှေဝါခန်းမသို့ လာရောက်ကြသော ဧည့်သည်များ အသုံးပြုရန်အတွက် လည်းကောင်း ရည်ရွယ်၍ အများသုံးအဆင့်မြင့် သန့်စင်ခန်း တစ်ခုအား ပန်းလှိုင်ရွှေဝါခန်းမအတွင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

mdn


အဆိုပါ ပန်းလှိုင်ရွှေဝါခန်းမရှိ အဆင့်မြင့်သန့်စင်ခန်းတွင် သန့်စင်ခန်း (၅) ခန်း၊ အပေါ့သွားခန်း (၁) ခန်း ပါဝင်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၈၀) ခန့်ကုန်ကျမည်ဖြစ်ပြီး၂၀၁၈-၁၉ ခုနှစ် စည်ပင်ရန်ပုံငွေဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း မလှိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။


ပန်းလှိုင်ရွှေဝါခန်းမမှာ ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်သူတို့၏ ထည့်ဝင်ငွေ ကျပ် (၄၈) သိန်းဖြင့် တည်ဆောက်ပြီးစီးခဲ့ပြီး အဆိုပါ သန့်စင်ခန်း ပြီးစီးပါက ဈေးသူဈေးသားများ၊ ဈေးဝယ်လာကြသော ခရီးသွာပြည်သူများ ၊ ခန်းမသို့ လာရောက်သော ဧည့်သည်တော်များနှင့် ရပ်ကွက်နေပြည်သူများပါ အလွယ်တကူ အသုံးပြုနိုင်တော့မည်ဖြစ် ကြောင်း သိရသည်။


ဘိုဘို(မလှိုင်)

 

mdn