ကင်ဆာ အခုနောက်ပိုင်း အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ အသက်ကြီးမှ အဖြစ်များတယ် ဆိုပေမယ့် အရွယ်မရွေး ခံစားရနိုင်ပါတယ်။ ကင်ဆာခံစားရတာက နေထိုင်စားသောက်မှုပုံစံကြောင့်လည်း အများကြီး ပါပါတယ်။

 

ဒီတစ်ခေါက်တော့ ဘယ်လို အမူအကျင့်တွေက ကင်ဆာဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

 

ကင်ဆာဖြစ်စေနိုင်တဲ့ အမူအကျင့်အချို့

နေ့စဉ် လုပ်မိနေတဲ့ အမူအကျင့်တွေထဲမှာ ဒါတွေပါနေလား ဆန်းစစ်ပါ။

သကြား အများကြီးစားမိတယ်

ချိုချိုလေးမှ ကြိုက်တယ်ဆိုပြိး သကြားတွေ အများကြီး စားမိနေပြီလား။ ဒါဆိုရင်တော့ အခုကစပြီး သကြား လျှော့စားပါ။ သကြား အများကြီး စားတာက အဝလွန်တာနဲ့ ရောင်ရမ်းမှုကို ဖြစ်စေတာလိုမျိုး ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေတဲ့ အရာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ သကြားကို လက်ဖက်ရည်ဇွန်း ၁၂ ဇွန်းစာထက် ပိုမစားသင့်ပါဘူး။ ဒီပမာဏထက် ပိုစားမိနေမယ် ဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေက အတော်လေး များနေပါပြီ။

 

ပြုပြင်ထားတဲ့ အသားတွေ စားတယ်

ပြုပြင်ထားတဲ့ အသားတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက အူမကြီး နဲ့ အစာဟောင်းအိမ်ကဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။ တစ်နေ့တာမှာ ပြုပြင်ထားတဲ့ အသား ၁.၈ အောင်စ စားသုံးတာက အူမကြီးကင်ဆာ ခံစားရနိုင်ခြေကို ၁၈ ရာခိုင်နှုန်းအထိ တိုးစေနိုင်ပါတယ်။

ဒါကြောင့် ဟော့ဒေါ့တွေကစလို့ ပြုပြင်ထားတဲ့ အသားအမျိုးမျိုးကို တတ်နိုင်သမျှ လျှော့စားပါ။

 

အထိုင်များတယ်

ကင်ဆာ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်း တစ်ရပ်က အထိုင်များတာပါ။ ခန္ဓာကိုယ်က လှုပ်ရှားဖို့ လိုပါတယ်။ မလှုပ်ရှားဘဲ ထိုင်ပဲထိုင်နေတာက ကိုယ်တွင်းမှာ အဆိပ်အတောက်တွေကို စုမိစေပြီး ကင်ဆာဖြစ်စေဖို့ တွန်းအားပေးပါတယ်။

တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်ကနေ ၁ နာရီလောက် လှုပ်ရှားမှု ရှိဖို့ ဂရုပြုပါ။ ဒါမှ ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။

 

အသီးအနှံတွေ မစားမိဘူး

တစ်နေ့တာ စားသုံးမှုမှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ သင့်တင့်မျှတစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘဲ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို မစားသုံးတာက လုံလော်ကဲ့ အမျှင်ဓာတ် ရရှိမှုကို အဟန့်အတားဖြစ်စေပြီး ဦးခေါင်းနဲ့ လည်ပင်း ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာတွေ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

 

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အဆိပ်အတောက်ဖြေပေးတဲ့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် ကင်ဆာ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

 

ပလတ်စတစ် အသုံးပြုတယ်

အချို့သော ပလပ်စတစ်တွေမှာ BPA လို့ခေါ်တဲ့ synthetic hormone ပါဝင်နေပါတယ်။ ဒီဟော်မုန်းက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ကို ထိခိုက်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

 

ဒီအချက်တွေအပြင်

•           နေရောင်နဲ့ ထိတွေ့မှု များတာ

•           တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ထိတွေ့တာ

•           ဆေးလိပ်သောက်တာ

•           အရက်သောက်တာ

•           ညဆိုင်းတွေ လုပ်တာ

•           စိတ်ဖိစီးမှု များတာ

•           ခံတွင်းသန့်ရှင်းရေး အားနည်းတာ

•           ကင်ထားတဲ့ အစားအစားတွေ စားတာ

•           ပြုပြင်ထားတဲ့ အသင့်စား အစားအစာတွေ စားတာ

•           ဆီကြော်စာတွေ စားတာ

•           parabens ပါတဲ့ ပစ္စည်းတွေ သုံးမိတာ

•           အဝလွန်တာတွေကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”