နေပြည်တော် ၂၂ ဇန်နဝါရီ 

 

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UNFPA မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် စတင်တာဝန်ထမ်းဆောင်လျက်ရှိသော Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား အဆိုပါဝန်ကြီးဌာန မေခလာခန်းမတွင် လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဝန်ကြီးဌာနက Life-Cycle approach ဖြင့် ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေးကိစ္စများတွင် UNFPA မှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ လူငယ်မူဝါဒအား ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီးနောက် လုပ်ငန်းစီမံချက်များဖြင့် ဆက်လက်အကောင်အထည်ဖေါ်ရာတွင် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တို့တွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေရေးဆွဲဆောင်ရွက်နေမှု အခြေအနေများ၊ ကျား/မ တန်းတူညီမျှရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု ကျင်းပဆောင်ရွက်ခဲ့မှုများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပြင်ဆင် ရေးဆွဲဆောင်ရွက်မှု အခြေအနေများ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရသူများအတွက် စိတ်ကျန်းမာရေး၊ စိတ်လူမှုအထောက်အပံ့များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။     

 

(သတင်းစဉ်)