နေပြည်တော် ၂၃ ဇန်နဝါရီ

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို လွန်ခဲ့သည့် ဒီဇင်ဘာက အစားထိုးဖြည့်စွက်မှု များစွာပြုလုပ်ကာ ဒုတိယအကြိမ် ထပ်မံပြင်ဆင် ပြဋ္ဌာန်းခဲ့သည်။ ယင်းတွင် မူလက စိုက်ပျိုးရေးအတွက် ချေးငွေသာပါသော်လည်း ယခု ဥပဒေတွင် မွေးမြူရေးစရိတ် ချေးငွေယူခွင့်ပါဖြည့်စွက်လိုက်ခြင်းက စိုက်ပျိုးရေးသမားများအတွက်သာမက မွေးမြူရေးသမားများအတွက်ပါ မျှော်လင့်ချက်ရှိလာပြီ ဖြစ်သည်။

အရေးကြီးသည်မှာ ထိုချေးငွေ၊ အကူအညီအထောက်အပံ့နှင့် သင့်တင့်သည့် အရင်းအနှီးများကို အမှန်တကယ်လိုအပ်သူများလက်ဝယ်သို့ အပြည့်အဝရောက်ရှိအောင် စီမံဆောင်ရွက်မည်ဟု ဆိုသည့်အတွက် ပိုမိုကောင်းမွန်လာမည်ဟုလည်း မျှော်လင့်ရပါသည်။

ပြည်သူ့အစိုးရခေတ်တွင် လယ်သမားများအတွက် စိုက်ပျိုးရေးစရိတ် ထောက်ပံ့မှုကို ပိုမိုတိုးမြှင့်ပေးနိုင်ရန်၊ ပိုမိုမြန်ဆန်ပြီး ထိရောက်ရေးကို ဦးတည်ဆောင်ရွက်လာခဲ့ရာ ယခုအခါ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်ကို ယခင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ခဲ့သည်ကို တွေ့ရ၏။

မိုးစပါး ချေးငွေ၊ ဆောင်းသီးနှံ ချေးငွေ၊ မိုးကြိုချေးငွေဟူ၍ သုံးမျိုး ပေးထားပြီး ချေးငွေနှုန်းထားများကိုလည်း တိုးမြှင့်ပေးထားသည်။ ယင်းကဲ့သို့ လယ်သမားများအဆင်ပြေရေး ကြိုးပမ်းဆောင်ရွက် နေသော်လည်း လက်တွေ့တွင် ချေးငွေအချိန်မီမရရှိသည့် အခက်အခဲ များက ရှိနေဆဲဖြစ်သည်။ မိုးစပါးချေးငွေက မိုးရာသီကုန်ဆုံးချိန် စက်တင်ဘာလအထိ နောက်ကျမှ ရနေဆဲဖြစ်သလို ဆောင်းသီးနှံချေးငွေက ဒီဇင်ဘာလကုန် အပြီးဟု ရည်ရွယ်ထားသော်လည်း ဇန်နဝါရီလကုန်အထိ ထုတ်ချေးပေးနေရဆဲ ဖြစ်သည်ကို တွေ့ရပါသည်။

ချေးငွေ စာရင်းပြုစုရာတွင် ကျွမ်းကျင်မှုအားနည်းခြင်းနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်စိစစ်ရာတွင် ကြန့်ကြာမှုများ ရှိနေ၏။ ချေးငွေ ညွှန်ကြားလွှာများထုတ်ပြန်ရာတွင် အကြိမ်ကြိမ် ပြင်ဆင်ထုတ်ပြန်နေရခြင်းကလည်း ချေးငွေအချိန်မီရရှိရန် နှောင့်နှေး စေသည့် အကြောင်းရင်းဖြစ်ပါမည်။ ချေးငွေကို ကိုယ်စားလှယ်လွှဲဖြင့် ထုတ်ခွင့်မရသည့်အခါ သက်ကြီးရွယ်အိုများအတွက် ခက်ခဲရသည်များလည်း ရှိနေသည်။ အိမ်တိုင်ရာရောက် ထုတ်ပေးမည်ဟု ရည်ရွယ်ထားကြောင်း သိရသော်လည်း ဝန်ထမ်းအင်အားနှင့်မမျှ၍ လက်တွေ့မဖြစ်နိုင်သေး။ ကျေးရွာဘဏ်ကော်မတီများဖွဲ့နိုင်လျှင် အဆင်ပြေမည်ဟု တောင်သူတို့က ပြောကြသည့်အသံကိုလည်း ကြားရပါသည်။

အစိုးရက သတ်မှတ်ခွင့်ပြုသည့် ဘဏ် သို့မဟုတ် တောင်သူ လယ်သမားများ အကျိုးစီးပွားအလို့ငှာ ချေးငွေလုပ်ငန်းဆောင်ရွက်ရန် စည်းမျဉ်းစည်းကမ်းနှင့်အညီ သတ်မှတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းတို့က နှစ်စဉ်၊ နှစ်တို နှစ်ရှည် ချေးငွေများ ထုတ်ချေးခြင်း၊ ပြန်လည်ပေးအပ်ခြင်းတို့ လိုအပ်ပါက ဦးဆောင်အဖွဲ့က ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်ပေးရမည်ဟု ဥပဒေတွင် နောက်ထပ်အစားထိုးတစ်ခု တွေ့ရပါသည်။ ဤသည်ကိုထောက်၍ တောင်သူလယ်သမားတို့ ပုဂ္ဂလိက ချေးငွေများရရှိနိုင်ရန်လည်း မျှော်လင့်ချက်ရှိလာပါသည်။ အစိုးရက ပေးသည့် နှစ်တိုချေးငွေအစား ပုဂ္ဂလိက နှစ်ရှည်ချေးငွေကို ရရှိနိုင်လာမည်ဟု မြင်ပါ၏။ ဦးဆောင်အဖွဲ့က ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် ချေးငွေရယူခြင်း၊ ပြန်လည်ပေးဆပ်ခြင်းတို့ ပိုမိုမှန်ကန် လွယ်ကူလာနိုင် ပါသည်။ ချေးငွေအမည်ခံ၍ လယ်သမားများကို လိမ်လည်မည့်သူများ၏ အ္တရာယ်ကိုလည်း ကာကွယ်နိုင်မည်ဟု ယူဆပါသည်။

မြန်မာ တောင်သူလယ်သမားတို့မှာ အရင်းအနှီး လိုအပ်ချက် မြင့်မား နေဆဲဖြစ်ပြီး အထောက်အပံ့ကောင်းများအဖြစ် ချေးငွေစနစ် လွယ်ကူ ထိရောက်ချောမွေ့ရေး လိုအပ်သကဲ့သို့ လယ်သမားတို့ကလည်း ရရှိသည့် ချေးငွေကို စိုက်ပျိုးရေးအတွက်လိုအပ်သည့် အရင်းအနှီးအဖြစ် စနစ်တကျ စီမံအသုံးပြုခြင်း၊ အချိန်မီ ပြန်လည်ပေးဆပ်ခြင်းတို့ဖြင့် အောင်မြင်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို တည်ဆောက်နိုင်မည်ဟု ရှုမြင်ပါကြောင်း။

မြန်မာ့အလင်း

Related Articles