ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် အလှဆင်ယင်ထားသော ပန်းရုပ်တုများကြားဝယ် လူးလာခေါက်တုံ့ ပျံသန်းရင်း ပန်းဝတ်ရည် သောက်သုံးနေသော အင်းဆက်ပိုးကောင်လေးများကို တွေ့မြင်နေရသည်။ အရောင်အသွေးစုံလှသော ပန်းအလှတို့ဖြင့် ထုဆစ် ပုံဖော်ထားသော ပန်းရုပ်တုတစ်ခုချင်းစီတိုင်းတွင် ဖန်တီးသူ အနုပညာရှင်၏ စိတ်ခံစားမှုအလိုက် သတ်မှတ်ပေးထားသော အမည်နာမတို့က ရှိနေကြသည်။ နေ့အပိုင်းအခြားအချိန် တစ်ခုတွင် ရောက်ရှိသွားသောကြောင့် ပြည့်ဝသောနေအလင်းရောင်က ပန်းရုပ်တုများအပေါ် ဖြန့်ကြက်ကျဝဲနေသည်။ ရောင်စုံအသွေး အရောင်တို့ဖြင့် လှချင်တိုင်းလှနေသော ပန်းရုပ်တုတို့သည့် နေမင်း၏ အလင်းအောက်ဝယ် အတားအဆီးမရှိ လှချင်တိုင်း လှပနေပါတော့သည်။
ကန်တော်ကြီးဥယျာဉ်အတွင်း ပန်းအလှရုပ်တု
ဤသည်ကား ရန်ကုန်မြို့ ကန်တော်ကြီးသဘာဝဥယျာဉ် အတွင်း ဆင်ယင်ထားသော ပန်းအလှရုပ်တုများကို ကြည့်ရင်း ဇန်နဝါရီ ၁၈ ရက်က မှတ်တမ်းတင်ထားခဲ့မိခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ပန်းဝါသနာရှင်များအသင်းတို့ ပူးပေါင်းကျင်းပသည့် (၁၈)ကြိမ် မြောက် ရန်ကုန်မြို့တော်ဝန်ဖလား ပန်းမန်ပြပွဲနှင့် ပြိုင်ပွဲကို ကန်တော်ကြီးသဘာဝဥယျာဉ်အတွင်းရှိ မဟာမြိုင်ကျွန်းတွင် ဇန်နဝါရီ ၂၂ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားသတင်းရယူပြီး ပန်းရုပ်တုများ၊ ပန်းပြခန်းပြကွက် များကို တစ်ခုစီ လိုက်လံလေ့လာမိခဲ့သည်။
ပိတ်ရက်များတွင်ပိုများ
ပြခန်းတစ်ခုချင်းအလိုက် ပြသထားသော ပြကွက်များကပြောင်းလဲနေသည်။ မြန်မာ့အဖိုးတန်သစ်ခွများ၊ သဇင်ပန်းမျိုးစုံ များသာမက အမျိုးမျိုးအဖုံဖုံသော အရွက်အလှပင်များ၊ အပွင့် အလှပင်များက ပွဲတော်လာဧည့်ပရိသတ်များကို မခွဲနိုင်မခွာ ရက်အောင် ဆွဲဆောင်ထားနိုင်စွမ်းရှိသည်။ လူတစ်ယောက်၏ စိတ်နှလုံးအေးချမ်းမှုကို ပေးစွမ်းနိုင်သော ပန်းအလှပင်တို့က ပွဲတော်ကျင်းပရာ ကန်ရေပြင်နှင့် လိုက်ဖက်၍ ပနံတင့်နေသည်။ အရွယ်သုံးပါးမရွေး လာရောက်ကြည့်ရှုကြမည့် ရန်ကုန်သူ ရန်ကုန်သားတို့က စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် ပို၍များမည်ထင်။ ပန်းပွဲတော် စတင်ဖွင့်သည့်ရက်ဖြစ်သော ၁၈ ရက်နေ့ ကပင် လာရောက်ကြည့်ရှုသူက ဒုနှင့်ဒေး။ သပ္ပာယ်ကြည်ညို ဖွယ်ရာ ရွှေတိဂုံစေတီတော်၊ အရိပ်အာဝါသကောင်းရာ ကန်တော် ကြီးရေပြင်တို့က ပန်းပွဲတော်လာသူအပေါင်း၏ စိတ်ချမ်းမြေ့ မှုကို ပြည့်ဝစေသည်။
ထိုသို့ ရန်ကုန်သူ ရန်ကုန်သားတို့၏ စိတ်နှလုံးချမ်းမြေ့မှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်စွမ်းပေးခဲ့သည့် ပန်းပွဲတော် ကျင်းပ သည့် တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ကြိုးစားနေခိုက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် (၅)ဖြစ်သူ ဒေါ်သန်းမြင့်အောင်နှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသည်။

“ဒီပန်းမန်ပြပွဲက အရင်အဆက်ပြတ်နေတာ ကြာပြီပေါ့နော်။ ဟိုးအရင်တွေတုန်းကတော့ ၁၆ ကြိမ်အထိ သူတို့ လုပ်ခဲ့ဖူးတယ်ပေါ့။ ဒါပေမယ့် အဲဒါက နောက်ပိုင်းမှာ မလုပ်ဖြစ် တာကြာပြီ။ ဒီအစိုးရတက်တဲ့အခါကျတော့ မနှစ်ကစပြီး ပြန်လုပ် တယ်ပေါ့။ (၁၇)ကြိမ်မြောက်၊ ဒီနှစ်ကတော့ (၁၈)ကြိမ်မြောက် ပေါ့နော်။ အကြိမ်အားဖြင့် (၁၈)ကြိမ်မြောက်၊ သို့သော် ဒီအစိုးရ လက်ထက်မှာ ဒုတိယအကြိမ်မြောက်ပေါ့နော်။ ဒီပန်းမန်ပြပွဲ ပြိုင်ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုပန်းဆိုတာက ပြုစုပျိုးထောင်ပြီးတော့ အလှအပကြိုက်တဲ့သူ၊ သဘာဝကို ချစ်မြတ်နိုးတဲ့သူ၊ နှလုံးသားလှတဲ့သူ။ ဒီပန်းလေးတွေက မြန်မာ နိုင်ငံမှာ ဘယ်လို သစ်ခွမျိုးစိတ်တွေရှိသလဲ၊ မြန်မာနိုင်ငံရဲ့ ပန်းတွေက ဘယ်လောက်အလှဆင်လို့ရသလဲ၊ ကျွန်မတို့ တောတွေတောင်တွေထဲမှာရှိတဲ့ သစ်ခွတွေက မြန်မာ့သစ်ခွ မျိုးနွယ်စုတွေလေ။ ဒါတွေကိုလည်းပဲ ဒီနေရာမှာ တစ်စု တစ်စည်းတည်းတွေ့ရတယ်။ နောက်တစ်ခါ ပန်းချစ်တဲ့သူတွေပေါ့။ ပန်းအသင်းတွေအနေနဲ့လည်း ဒါဟာ လှုပ်ရှားမှုတစ်ခုပေါ့။ အရင်တုန်းကဆိုလို့ရှိရင် ပြင်ဦးလွင်တို့ ဘာတို့တက်ပြီးတော့ ပြိုင်ချင်ပြိုင်ရမယ်၊ ပြချင်ပြရမှာပေါ့။ ဒီမှာ ရန်ကုန်မှာလည်းပဲ မြေပဒေသာကျွန်းရှိတယ်။ ရန်ကုန်မြို့မှာရှိတဲ့သူတွေလည်းပဲ အလှအပကို ခံစားတတ်မယ်။ အလှအပကို စိတ်ဝင်စားမယ်ပေါ့။ ဒီပန်းချစ်သူအသင်းကလည်း ပန်းပြပွဲလုပ်ချင်တာ။ သူတို့ ပြုစု ပျိုးထောင်ထားတဲ့ ပန်းကလေးတွေကို ပြချင်တယ်။ ကျွန်မတို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဆိုတာလည်း ပတ်ဝန်းကျင်စိမ်းလန်းသာယာရေးအတွက် ပန်းဥယျာဉ်ဌာန ရှိတယ်။ နောက်ပြီးတော့ ရန်ကုန်မြို့တော်ကြီး လှပသာယာ သန့်ရှင်းဖို့ကလည်း ကျွန်မတို့အနေနဲ့ ဘယ်သူနဲ့မဆို ကျွန်မတို့ ပူးပေါင်းလုပ်ရမှာ။ အဲဒါကြောင့်မို့လို့ ပန်းအသင်းနဲ့ မြို့တော် စည်ပင်သာယာကော်မတီနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက် ကြတာပါ။
အထောက်အကူအများကြီးပြု
ဒီမှာပန်းထိုးထားတဲ့ ပြိုင်ပွဲဝင် ၁၇ ဦးရှိတယ်။ လန်းစကိတ် ပြိုင်ပွဲ ခုနစ်ခုရှိတယ်။ နောက်တစ်ခုက ပန်းပြခန်းတွေ ပန်း အရောင်းဆိုင်တွေက ၅၁ ခန်းရှိပါတယ်။ အများပြည်သူအတွက် ကျတော့လည်း ဒီနေ့မနက်အစောကြီး ကျွန်မရောက်တဲ့အချိန်မှာ အသက် ၈၀ ကျော် အဘိုးအဘွားဇနီးမောင်နှံဟာ လူတွဲပြီး ရောက်လာတယ်။ သူတို့က ပန်းကိုသိပ်ချစ်တာတဲ့။ ပန်းကို တစ်စုတစ်စည်းတည်း မြင်ရဖို့ဆိုတာ အခုလိုအချိန်လည်း သူတို့ လာလို့ အဆင်မပြေဘူး။ အဘိုးက တစ်ယောက်တွဲ၊ အဘွားက တစ်ယောက်တွဲ တုတ်ကောက်ကလေးနဲ့ လာရတာ။ ဒါမျိုးကိုလည်း သူတို့ မြင်ချင်လို့၊ ပန်းကိုလည်း သိပ်ဝါသနာပါတာ၊ သူတို့အိမ်မှာ ပန်းစိုက်ထားတယ်တဲ့။ ဒါပေမယ့် အဲဒီပန်းပွင့်လာတဲ့အခါမှာ မခူးရက်ဘူးတဲ့။ ပန်းကို ဒီထက်လှတဲ့ ပန်းတွေကို မြင်ရမှာပေါ့ဆိုပြီး မနက် အစောကြီးက လာကြည့်သွားတယ်။
အများပြည်သူကြည့်ရှုနိုင်
ဒီလိုပဲ ပန်းကို စိတ်ဝင်စားတဲ့သူတွေလည်း လာကြမယ်ပေါ့။ ဒီပန်းလေးတွေကို မြင်ရခြင်း အားဖြင့် စိတ်ထဲမှာသာယာမယ်။ ကြည်နူးမယ်။ အလှအပကို မြတ်နိုးတဲ့သူ၊ ခံစားမှုရှိတဲ့သူ၊ နှလုံးသားပျော့ပျောင်းတဲ့သူ ပြောရမယ်ဆို ချစ်တတ်တဲ့သူပေါ့။ အဲဒီလိုသူမျိုးတွေအတွက်က ဒီပန်းတွေက အထောက်အကူ အများကြီး ပြုပါတယ်။ ဒီလူတွေ အတွက်ကို စိတ်ချမ်းသာစေ ပါတယ်။ နောက်တစ်ခါက ဒါက ကန်တော်ကြီးနဲ့ နီးတဲ့အတွက် ကြောင့်မို့လို့ ကန်တော်ကြီး လာတဲ့သူတွေ၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်သွားလာကြတဲ့သူတွေ အတွက်လည်း ဒါတွေကို အချိန် မရွေး ဝင်ကြည့်နိုင်တယ်ပေါ့။ ကျွန်မတို့အနေနဲ့ ဇန်နဝါရီ ၁၈ ရက်ကစပြီး ဇန်နဝါရီ ၂၂ ရက်အထိ ထားမှာဆိုတော့ အများပြည်သူလည်း လာဝင်ပြီးတော့ ကြည့်ရှုနိုင်ပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
မြင်ရခဲ တွေ့ရခဲတဲ့ ပန်းတွေရှိပါတယ်။ ဥပမာ-သဇင်ပန်း တစ်ခုဆိုရင် သဇင်စုတ်ဖွားဆိုရင် ကျွန်မတို့ တစ်ခါမှမတွေ့ဖူးဘူး။ ကျွန်မတို့တွေ့ဖူးတာဆိုရင် ရိုးရိုးသဇင်ပဲ တွေ့ဖူးတာ။ အဲဒီလိုမျိုး ပေါ့နော်။ နည်းနည်းထူးဆန်းတဲ့အရာလေးတွေ ပန်းတွေထဲမှာ အများကြီးရှိပါတယ်။ ပန်းတင်မဟုတ်ပါဘူး။ မှိုစိုက်တဲ့ ပြခန်းတို့ ဆလတ်ရွက်ကို မြေကြီးမရှိတဲ့နေရာမှာ ဘယ်လို စိုက်မလဲဆိုတာ ပြထားတဲ့ပြခန်းတွေရှိတယ်။ နောက်တစ်ခုက ဝါးအသင်းကနေ ဝါးနဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြထားတာလည်း ရှိတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဖန်တီးထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်”။
စိတ်အပူကို ငြိမ်းအေးစေ
ကန်ရေပြင်ကို တိုက်ခတ်လာသော လေနုအေးနှင့် စိမ်းမြမြ မြက်ခင်းပြင်တို့က ပန်းပွဲတော်လာရောက်ကြည့်ရှုသူအပေါင်း၏ စိတ်ကို အေးချမ်းစေသည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ရွှေတိဂုံစေတီလာ ဘုရားဖူးသူပြည်သူများ၊ နေ့ခင်းနေ့လယ် အချိန်ခါကို သစ်ပင်ကြီးအောက်တွင် နားခိုလိုသူများက ကန်တော်ကြီးရေပြင်ရှိရာ အရောက်လာကြမည်မှာ မလွဲဧကန် ဖြစ်သည်။ ထိုထိုသော မြို့သူမြို့သားတို့အတွက် ဆင်ဖြူတော် ရုပ်တုကြီးများအနီးတွင် ခင်းကျင်းထားသော ပန်းမန်ပြပွဲက ဆီးကြို၍ နေမည်ဖြစ်သည်။ ပန်းအလှ ပန်းရနံ့တို့က လာရောက် ကြည့်ရှုသူတို့၏ စိတ်အပူကို ငြိမ်းအေးစေမည်ဖြစ်သည်။ ပန်းချစ်သူ ရန်ကုန်သူတို့အဖို့ လက်မလွတ်သင့်သော ပန်းမန်ပြပွဲတစ်ခုဆီသို့ အရောက်လှမ်းသင့်ပါကြောင်း . . . ။

ထင်ပေါ်ဝင်း
ဓာတ်ပုံ-ထိန်လင်း