မိုးညှင်း ၂၁ အောက်တိုဘာ
မိုးညှင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် အစိုးရ နည်းပညာ ကောလိပ်မှ ကျောင်းသား ကျောင်းသူများ၏ (ပထမအကြိမ်) လက်တွေ့ပစ္စည်းများပြပွဲ/ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် မိုးညှင်း အစိုးရနည်းပညာ ကောလိပ် ကျောင်းဆောင်အောက်ထပ်၌ ကျင်းပသည်။
အခမ်းအနားတွင် မိုးညှင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနိုင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးတို့က အဖွင့်အမှာ စကားပြောကြားပြီး မိုးညှင်း အစိုးရနည်းပညာကောလိပ်မှ တာဝန်ခံ ကျောင်းအုပ်ကြီး ဦးစိုးလွင်က ပြပွဲ/ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နည်းပညာကောလိပ်မှ ကျောင်းသား ကျောင်းသူများ၏ လက်တွေ့ပစ္စည်းများ ခင်းကျင်းပြသထားမှုများအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲအားဆက်လက်ကျင်းပရာ Popular Award ဆုရ 2GEPGPI အဖွဲ့အား အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကို လည်းကောင်း၊ ဘာသာရပ်အလိုက် ဆုရသူများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြု လက်မှတ်များကို လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)