ရန်ကုန် ၁၄ အောက်တိုဘာ
မြန်မာနိုင်ငံဂရပ်ဖစ်ဒီဇိုင်းအသင်းမှ ကျင်းပမည့် ဒီဇိုင်းဖြင့်ပြောသောလူမှုဘဝ လုံခြုံရေး ဂရပ်ဖစ်ဒီဇိုင်း “The 2nd Myanmar Graphic Design Exhibition 2018 Design-Speak Safety” ပြပွဲတွင်ပြသမည့် အနုပညာဒီဇိုင်းပညာရပ်များနှင့် စပ်လျဉ်းသည့် မီဒီယာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ၁နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ Orchid Hotel၌ ကျင်းပသည်။
ရှင်းလင်းပွဲတွင်မြန်မာနိုင်ငံဂရပ်ဖစ်ဒီဇိုင်းအသင်းဥက္ကဋ္ဌပန်းချီဒီဇိုင်း မြင့်မောင်ကျော်က "ဒီဇိုင်းပညာရပ်တွေက နေ့စဉ်နဲ့အမျှပြောင်းလဲနေတယ်။ ဒီဇိုင်းပညာနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် လူငယ်တွေအတွက် ဒီဇိုင်း ပြပွဲတွေ လုပ်ပေးဖို့ လိုအပ်သလို နိုင်ငံတကာနဲ့ဆက်သွယ်ပြီး ဒီဇိုင်းပညာရပ်တွေကို လေ့လာသင်ယူဖို့ လိုပါတယ်" ဟုပြောကြားသည်။
ဒီဇိုင်းဖြင့်ပြောသောလူမှုဘဝလုံခြုံရေး ဂရပ်ဖစ်ဒီဇိုင်း ပြပွဲကို အောက်တိုဘာ၂၆ ရက်မှ ၂၈ ရက်အထိ ရန်ကုန်ဂယ်လာရီ ပြည်သူ့ဥယျာဉ်ဝင်းအတွင်း၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ပြပွဲတွင် တောင်ကိုရီးယားနိုင်ငံမှဒီဇိုင်းပညာရှင် ၁၅ဦး ၊ မြန်မာနိုင်ငံမှ ဒီဇိုင်းပညာရှင် ၄၅ဦး တို့က ဒီဇိုင်းပညာရပ်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲကိုမြန်မာနိုင်ငံတစ်ဝှမ်းရှိ ဂရပ်ဖစ်ဒီဇိုင်းပညာရှင်များ၊ ဝါသနာရှင်များနှင့် ခေတ်မီတိုးတက် လျင်မြန်စွာ ပြောင်းလဲနေသော ဒီဇိုင်းပညာရပ်များနှင့် ပတ်သက်နေ ကြသည့် မြန်မာလုပ်ငန်းရှင်များနှင့် ပြည်သူများလေ့လာနိုင်ရန်ပြသမည်ဖြစ်ကြောင်းနှင့် ယင်းပြပွဲမှ ခေတ်နှင့်အညီ ပြောင်းလဲနေသည့် ဂရပ်ဖစ်ဒီဇိုင်းပညာရပ်များ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဂရပ်ဖစ်ဒီဇိုင်းအသင်း၏ ရည်ရွယ်ချက်သည် လူငယ်များအနေဖြင့် ဂရပ်ဖစ်ဒီဇိုင်းနှင့်ပတ်သက်ပြီး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန်နှင့် အစဉ်အဆက် အထောက် အကူပြုမည့် ဂရပ်ဖစ်ဒီဇိုင်းပညာရပ်များရရှိစေရန်ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဂရပ်ဖစ်ဇိုင်းအသင်းဥက္ကဋ္ဌက အဆိုပါရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သတင်း- မီမီဖြိုး၊ ဓာတ်ပုံ - ချစ်စုဟန်