ရန်ကုန် ၁၄ အောက်တိုဘာ
Myanmar Jardine Schindler ဓာတ်လှေကားနှင့် စက်လှေကား လက်တွေ့လေ့ကျင့် သင်ကြားရေးစင်တာကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် အမှတ်(၄) ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ Nature Park Residence ဝင်းအတွင်း၌ ဖွင့် လှစ်လိုက်သည်။
လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာကို အခြေခံမှစတင်ကာ စနစ်တကျသင်ယူတတ်မြောက်စေရန်၊ ဓာတ်လှေကားနှင့် ပတ်သက်သည့် နည်းပညာရပ်များကို ကျွမ်းကျင်မှုရှိလာစေရန် ရည်ရွယ်သည့်အပြင် ကုမ္ပဏီ၏ပစ္စည်းအပေါ် သုံးစွဲသူတို့ကို အကောင်းဆုံးဆောင်ရွက်မှုပေးနိုင်ရန်၊ ကုမ္ပဏီ၏ ဆောင်ပုဒ်အတိုင်း လူသားအရင်းအမြစ်ဖွံ့ဖြိုးစေရန်တို့အတွက် Jardine Schindler ကုမ္ပဏီက အဆိုပါ လက်တွေ့လေ့ကျင့်သင်ကြားရေးစင်တာကို ဖွင့်လှစ်ခြင်းဖြစ်သည်။
အဆိုပါကုမ္ပဏီအနေဖြင့် ယင်းကဲ့သို့ လက်တွေ့လေ့ကျင့် သင်ကြားရေး စင်တာများကို ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် လေးခုမြောက်အဖြစ် မြန်မာနိုင်ငံတွင်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
Jardine Schindler ကုမ္ပဏီမှ ဓာတ်လှေကားတပ်ဆင်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်းဆိုင်ရာ မန်နေဂျာ ဦးကျော်စွာဝင်းက `` သင်တန်းတွေကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီးလုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကျွန်တော်တို့ ကုမ္ပဏီနဲ့ CVT (Central Vocational Training Center) တို့ပေါင်းပြီးတော့ လုပ်ခဲ့တာပါ။ ကျောင်းပြီးစ လူငယ်တွေ၊ ဓာတ်လှေကားလောကကို စပြီးတော့ ဝင်ချင်တဲ့သူတွေကို တစ်နှစ်ကာလ၊ နှစ်နှစ်ကာလ သင်တန်းတွေခေါ်ပြီးပေးခဲ့ပါတယ်။ အဲဒီတုန်းကတော့ လက်တွေ့လေ့ကျင့်သင်ကြားရေးစင်တာ မရှိသေးပါဘူး။ ပင်မရုံးတွေရဲ့ အခန်းတွေထဲမှာပဲ စာတွေ့သင်ကြားပေးတယ်။ လက်တွေ့သင်ယူမှုအပိုင်းကိုတော့လုပ်ငန်းခွင်ထဲမှာပဲ သင်ပေးခဲ့ရပါတယ်။ အခုဆိုရင် သင်ကြားရေး စင်တာဖွင့်လိုက်တဲ့အတွက် စနစ်တကျနဲ့ပိုပြီးတော့ သင်ကြားပေးနိုင်တော့ မှာဖြစ်ပါတယ်" ဟုပြောသည်။
ဆက်လက်၍ ၎င်းက ``မနေ့က သင်တန်းပြီးမြောက်သွားတာ ရှစ်ယောက်ရှိတယ်။ သူတို့ကတော့ ဒုတိယအကြိမ် ခေါ်ထားတဲ့သူတွေပါ။ ရှေ့ပိုင်းမှာဆိုရင်တော့ အယောက် ၂၀ ပြီးသွားပါပြီ။ သူတို့လည်း လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်နေပါပြီ။ အခုနောက်ဆုံး တတိယအကြိမ်ခေါ်ယူထားတာ ၁၂ ယောက်ရှိ တယ်။ နောက်နှစ် ဇွန်နဲ့ဇူလိုင်မှာ ပြီးမြောက်မှာပါ။ အဲဒီအချိန်ကျရင် နောက်ထပ် သင်တန်းသားတွေ ခေါ်ယူမှာ ဖြစ်ပါတယ်´´ ဟုပြောသည်။
အဆိုပါ စင်တာတွင် ဓာတ်လှေကား၊ စက်လှေကားများကို အကျွမ်းတဝင်မရှိသည့် လူငယ်များကို ဦးတည်ကာ လက်တွေ့လေ့ကျင့် သင်ကြားပေးလျက်ရှိပြီး နည်းပညာကို အခြေခံတတ်မြောက်ထားသော လူငယ်များ၊ အင်ဂျင်နီယာပညာရပ်ကို စိတ်ဝင်စားသူများနှင့် အင်ဂျင်နီယာကျောင်းဆင်း များအနေဖြင့် ပိုမိုသင့်လျော်ကြောင်း သိရသည်။
တက်ရောက်လိုသူများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ စိတ်ဝင်စားမှု အရည်အသွေးပြည့်ဝရန် လိုအပ် ပြီး သင်တန်းသားခေါ်ယူသည့်အချိန်တွင် လာရောက်လျှောက်ထားသူတို့အား ကုမ္ပဏီတာဝန်ရှိသူတို့က လူတွေ့ မေးမြန်း စစ်ဆေးမှုများပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ သတ်မှတ်အရည်အသွေး ပြည့်မီသူဖြစ်ပါက ရွေးချယ်ခံရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းအတွက် ငွေကြေးကုန်ကျစရာမရှိသည့် အပြင်ကုမ္ပဏီသတ်မှတ်ထားသည့် လစာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စင်တာတွင် ဓာတ်လှေကား၊ စက်လှေကားနှင့်ပတ်သက်၍ အခြေခံမှ စတင်ကာ စာတွေ့လက် တွေ့ သင်ကြားမှုများပေးနိုင်ရန် သင်ကြားမှုဆိုင်ရာ ဓာတ်လှေကား၊ စက်လှေကားငယ်များ ၊ ခေတ်မီ နည်းပညာ ဆိုင်ရာ စက်ပစ္စည်းများပါရှိပြီး နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်သူများက သင်ကြားမှုများပြုလုပ်ပေးသွားမည် ဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်