ရန်ကုန် ၁၂ အောက်တိုဘာ

ပိုမိုကောင်းမွန်သော အင်တာနက်စွမ်းဆောင်ရည်များကို ရရှိစေမည့် VoLTE အင်တာနက်ဝန်ဆောင်မှုများကို မြန်မာတစ်နိုင်ငံလုံးရှိ Mytel ဆင်းကတ်အသုံးပြုသူအားလုံး အောက်တိုဘာ ၁၀ ရက်မှစ၍ စတင်အသုံးပြု နိုင်ပြီဖြစ်ကြောင်း Mytel မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ကွန်ရက်အသုံးပြုနေစဉ်အချိန်တိုင်းတွင် ကောင်းမွန်သော အသံနှင့် အင်တာနက်စွမ်းဆောင်မှုကို ပံ့ပိုးပေးနိုင်ရန်အတွက် နောက်ဆုံးပေါ်နည်းပညာဖြစ်သော VoLTE ဝန်ဆောင်မှုကို Mytel က မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး အဆိုပါဝန်ဆောင်မှုကြောင့် သုံးစွဲသူများအနေဖြင့် အရည်အသွေး မြင့် ကြည်လင်ပြတ်သားသောအသံနှင့် ဒေတာအသုံးပြုမှု အတွေ့အကြုံကိုပါ တစ်ပြိုင်တည်း ရရှိနိုင်မည် ဖြစ်သည်။

 

အဆိုပါ VoLTE ဝန်ဆောင်မှုများကို မြန်မာတစ်နိုင်ငံလုံးရှိ Mytel သုံးစွဲသူအားလုံးအနေဖြင့် VoLTE စနစ်ကိုထောက်ပံ့သော စမတ်ဖုန်းများဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ VoLTE ဝန်ဆောင်မှုမှာ ကမ္ဘာ့နည်းပညာ နယ်ပယ်တွင် လေ့လာစမ်းသပ်နေဆဲဖြစ်၍ မြန်မာနိုင်ငံဈေးကွက်တွင် VoLTE ကိုထောက်ပံ့ပေးသော စမတ်ဖုန်းအမျိုးအစားမှာ အနည်းငယ်သာရှိနေပြီး Samsung A8၊ S8 ၊ S8+၊ S9၊ S9+၊ Note 8၊ J4+ ESifhJ6+ ဖုန်းများမှာ VoLTE ကို ထောက်ပံ့သောဖုန်းများ ဖြစ်သည်။ VoLTE ဝန်ဆောင်မှုများကို VoLTE အသုံးပြုနိုင်သော မိုဘိုင်းဖုန်းအချင်းချင်း ဆက်သွယ်ခြင်းဖြင့်သာလျှင် အပြည့်အဝ ရရှိနိုင်မည်လည်းဖြစ်သည်။

 

“Mytel က မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်ရဲ့ ပထမဦးဆုံးအနေနဲ့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သုံးစွဲသူတွေအတွက် VoLTE ဝန်ဆောင်မှုရရှိအောင် လုပ်ဆောင်ပေးနိုင်တဲ့ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ VoLTE က အကောင်းဆုံး အသံဝန်ဆောင်မှု ဆိုတာထက် ပိုပါတယ်။ Mytel ကွန်ရက်ကို အသုံးပြုခြင်းက ကွန်ရက် spectrum ကို အထိရောက်ဆုံး ထိန်းသိမ်း ပေးနိုင်ပြီးတော့ စွမ်းဆောင်ရည်နဲ့ ဝန်ဆောင်မှုအရည်အသွေးကို တိုးမြှင့်ပြီးတော့ သုံးစွဲသူတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်စွမ်း ရှိပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။

 

VoLTE ဖြင့် ဖုန်းခေါ်ဆိုရာတွင် သာမန်ဖုန်းခေါ်ဆိုခြင်းထက် သိသာပြတ်သားသော အသံအရည် အသွေးကို ရရှိနိုင်မည်ဖြစ်သလို 2G ကွန်ရက်မှတစ်ဆင့် ဖုန်းခေါ်ဆိုခြင်းထက်လည်း ပိုမိုမြန်ဆန်စွာ ချိတ်ဆက် နိုင်မည်ဖြစ်ပြီး အခြားသော အားသာချက်တစ်ခုမှာ VoLTE စနစ်က မိုဘိုင်းဖုန်းများ၏ ဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်ခံနိုင်စေခြင်းဖြစ်သည်။ VoLTE ဝန်ဆောင်မှုသုံးစွဲနိုင်သော မိုဘိုင်းလ်ဖုန်းများသည် ဖုန်းခေါ် ဆိုရာတွင် circuit-switched အနေအထားမှ LTE ကွန်ရက်ကို အစဉ်မပြတ် ပြောင်းလဲရန် မလိုအပ် သောကြောင့် ဖုန်းဘက်ထရီသက်တမ်းကို ထိန်းသိမ်းထားနိုင်ခြင်းလည်း ဖြစ်သည်။ ထို့အပြင် အွန်လိုင်း ဂိမ်းများကစားစဉ်၊ ဖိုင်များကို ဒေါင်းလုပ်ဆွဲနေစဉ် ဖုန်းဝင်လာခြင်းကြောင့် အင်တာနက် ပြတ်တောက်သွားမှု ကိုလည်း မဖြစ်စေဘဲ အင်တာနက်ကို အဆက်မပြတ် ရရှိနေစေမည်ဖြစ်သည်။

 

Mytel က အသုံးပြုသူတိုင်းထံသို့ VoLTE ဝန်ဆောင်မှုပေးခြင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံး ဝန်ဆောင်မှုပေးခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် VoLTE နည်းပညာဖြင့် ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက် အသုံးပြုမှုများ စမ်းသပ်သရုပ်ပြခြင်းကိုမူ အူရီဒူးက စက်တင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့၌ စတင်ပြုလုပ် ခဲ့သည်။

ကျော်ဇင်ဦး