ရန်ကုန် ၁၂ အောက်တိုဘာ
အင်တာနက်မြန်နှုန်း စစ်ဆေးမှုဆိုင်ရာ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် Ookla က မြန်မာနိုင်ငံတွင် အင်တာနက်အမြန်နှုန်း စမ်းသပ်ချက်ရလဒ်များအရ အူရီဒူး၏ မိုဘိုင်းကွန်ရက်ကို ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အမြန်ဆန်ဆုံးမိုဘိုင်းကွန်ရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ Ookla အနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက်အမြန်နှုန်း စမ်းသပ်ချက်များကို တစ်နှစ်အတွင်း သုံးလတစ်ကြိမ်ပြုလုပ်ရာ ပထမသုံးလပတ်၊ ဒုတိယသုံးလပတ်နှင့် ဇူလိုင်မှ စက်တင်ဘာအထိ တတိယသုံးလပတ် သုံးကြိမ်စလုံးတွင် အူရီဒူးမြန်မာ၏ မိုဘိုင်းကွန်ရက်က အမြန်နှုန်း၊ ကြာမြင့်ချိန်၊ လိုင်းတည်ငြိမ်မှုနှင့် ကွန်ရက်လွှမ်းခြုံမှုတို့တွင် ကောင်းမွန်သဖြင့် ၂၀၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အမြန်ဆန်ဆုံး မိုဘိုင်းကွန်ရက်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အူရီဒူးသည် ၂၀၁၆ ခုနှစ် မေလက မြန်မာနိုင်ငံ၌ 4G Plus အင်တာနက်ဝန်ဆောင်မှုကို ပထမဆုံး စတင်မိတ်ဆက်ခဲ့ပြီးနောက် ယခု ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၂၈၅ မြို့နယ်တွင် 4G Plus ကွန်ရက်ကို လွှမ်းခြုံထားပြီးဖြစ်ကာ အောက်တိုဘာကုန်တွင် မြို့နယ်ပေါင်း ၃၀ဝ အထိ 4G Plus ကွန်ရက် လွှမ်းခြုံနိုင်ရန် စီစဉ်ထားကြောင်း၊ ၂၀၁၈ ခုနှစ် နှစ်ကုန်တွင် နိုင်ငံတွင်းရှိ မြို့နယ်များ၏ ၉၁ ရာခိုင်နှုန်းနှင့် နိုင်ငံလူဦးရေ၏ ၉၂ ရာခိုင်နှုန်းအထိကို 4G Plus ကွန်ရက်လွှမ်းခြုံနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
သူရဖြိုး