ရန်ကုန် ၂၄ စက်တင်ဘာ

 

စက်သုံးဆီချွေတာရေးနှင့် မြန်မာနိုင်ငံ၏ရာသီဥတု သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ထုတ်လုပ်ထားသော တရုတ်နိုင်ငံ၏ နည်းပညာမြင့် လျှပ်စစ်ကား နှစ်မျိုး အစီးရေ (၂၀ဝဝ)ကို လာမည့်အောက်တိုဘာလတွင် ပထမဆုံးအဖြစ် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ကားစက်ရုံတွင် စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း KHAINGKHAING SANGDA MOTORCAR ကားစက်ရုံ မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ YU JIAN CHEN ကပြောသည်။ 

 

 

"ဒီလျှပ်စစ်ကားတွေကို မြန်မာနိုင်ငံအတွက် ပထမဆုံး ထုတ်လုပ်တင်သွင်းရတာဟာ လက်ရှိ အကောင်အထည်ဖော်နေတဲ့ ONE BELT ONE ROAD ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု ဆောင်ပုဒ်အတိုင်းပေါ့ ကျွန်တော်တို့ရဲ့ ရင်းနှီးမြုပ်နှံမှုကို တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေဖို့ကို အဓိကရည်ရွယ်ပါတယ်။ ဒီကားတွေတင်သွင်းမှုအတွက် တရုတ်အစိုးရက အခွန်မယူပါဘူး။ မြန်မာပြည်သူတွေကို ဈေးပေါပေါနဲ့ ဝယ်ယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတာပါ။ ကားတွေကို တရုတ်ပြည်မှာ ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှ တပ်ဆင်ထုတ်လုပ်ပေးသွားမှာပါ။ မြို့တွင်း မြို့ပြင် ဟိုင်းဝေး တစ်နိုင်ငံလုံးကို မောင်းနှင်နိုင်အောင် နည်းပညာနဲ့ ထုတ်လုပ်ပေးထားပါတယ်။ ဘက်ထရီစွမ်းအင်ကို လျှပ်စစ်မီးရှိတဲ့နေရာတွေမှာ အလွယ်တကူသွင်းနိုင်ပြီး ဟိုင်းဝေးရောက်ရင် လမ်းမှာဘက်ထရီအား ရာခိုင်နှုန်းနည်းနေရင် ဆီထည့်ပြီး ကားရဲ့ဘက်ထရီကို အားဖြည့်ပေးနိုင်တဲ့ စက်ပါပါတယ်။ အဲ့ဒီအတွက် ဟိုင်းဝေးတွေမှာလည်းကောင်းစွာ အသုံးပြုနိုင်ပါတယ်။ အခုဆိုရင် စက်သုံးဆီဈေးက အဆမတန်မြင့်မားနေတာကိုလည်း လျော့ချနိုင်မယ် မီးခိုးမထွက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ပါတယ် ။"ဟု မစ္စတာ YU JIAN CHEN ကထပ်မံ ပြောသည်။ ထို NEW ENERGY CAR (HYBRID) လျှပ်စစ်(ဘယ်ထရီ)ကား KSD-V1 နှင့် KSD - V2 နှစ်မျိုးတို့ကို တရုတ် နိုင်ငံ YUE DI နှင့် မြန်မာနိုင်ငံ KHAINGKHAING SANGDA MOTORCAR FACTORY တို့ ပူးပေါင်းကာ ပထမဆုံး ဖက်စပ်ထုတ်လုပ်သော ကားများဖြစ်ကြောင်း သိရသည်။ KSD-V1အမျိုးအစားသည် ငါးယောက်စီးဖြစ်ပြီး တစ်နာရီလျင် ၈၀ ကီလိုမီတာ သွားနိုင်ပြီး အားပြည့်နေလျင် ကီလိုမီတာ ၈၀ဝ အကွာအဝေးကို တစ်ဆက်တည်း သွားနိုင်သည်။ LITHIUM BATTERY အမျိုးအစား ကို အသုံးပြုထားပြီး စွမ်းဆောင်နိုင်မှုပမာဏ 150 AH ရှိသည်။ အလေးချိန် ၁၄၆၀ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ကြောင်း သိရသည်။ KSD-V2 အမျိုးအစားသည် ငါးယောက်စီးဖြစ်ပြီး အလေးချိန် ၉၆၀ သယ်ဆောင်နိုင်စွမ်းရှိသည်။ တစ်နာရီလျင် ၅၀ ကီလိုမီတာ မြန်နှုန်းမြင့် မောင်းနှင်နိုင်ပြီး ဘက်ထရီ အားပြည့်ချိန်တွင် ၁၁၀ ကီလိုမီတာအကွာအဝေးကို မောင်းနှင်နိုင်သည်။ LEAD ACID CELL ဘက်ထရီအမျိုးအစားကို အသုံးပြုထားပြီး စွမ်းဆောင်နိုင်မှုပမာဏ 100 AH ရှိကြောင်းသိရသည်။ ထို့ပြင် လက်ရှိအသုံးပြုနေသော ကားများနည်းတူ အတွင်းအပြင် ဝန်ဆောင်မှုများ ပါဝင်ကြောင်းသိရသည်။ 

 

 

KSD-V1အမျိုးအစားသည် မြန်မာငွေ ကျပ် သိန်း ၁၄၀ ရှိပြီး KSD-V2 အမျိုးအစား သည် မြန်မာငွေကျပ် ၉၁ သိန်း ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ ကားအတွက် အာမခံ ၅ နှစ် ပေးထားကာ ၅ နှစ်အတွင်း ကား၏ ချွတ်ယွင်းမှုကိစ္စ အဝဝကို စက်ရုံမှဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထို လျှပ်စစ်(ဘက်ထရီ)ကားသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် လေကောင်းလေသန့်ဖြစ်စေရန်၊ စက်သုံးဆီသုံးစွဲမှု လျော့ချစေရေး နိုင်ငံခြားမှ စက်သုံးဆီ ဝယ်ယူနေမှုကိုလည်း လျော့ချနိုင်ရန် မီးခိုးကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွတ်မှု လျော့ကျစေရန်နှင့် ရန်ကုန်မြို့၏ လမ်းသွယ် လမ်းငယ်များတွင် အလွယ်တကူမောင်းနိုင်ပြီး အချိန်ကုန်သက်သာစေကြောင်း ကားပြု ပြင်ထိန်းသိမ်းမှုစရိတ် သက်သာစေရန် လုံခြုံရေးယာဉ်/လမ်းရှင်းယာဉ် များအဖြစ် အသုံးပြုနိုင်ပြီး အစိုးရဌာနဆိုင်ရာ အရာရှိငယ်များ နှင့် ပုဂ္ဂလိက ကုမ္ပဏီများရှိ ဝင်ငွေ အလယ်တန်းအဆင့်ရှိသူများလည်း အသုံးပြုနိုင်ကြောင်း သိရသည်။ ထို လျှပ်စစ်(ဘက်ထရီ)ကားများကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် အမှတ် (၇၇)တွင် မြန်မာပြည် စက်ရုံအဖြစ် တည်ရှိကာ လာမည့် အောက်တိုဘာလတွင် မြန်မာပြည်၏ ပထမဆုံးအဖြစ် ထုတ်လုပ်သွားမည်ဖြစ်သည်။ ထို ကားစက်ရုံကြီး တည်ဆောက်ကာ ထုတ်လုပ်သွားမည့်အပေါ် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိစေကာ ကားထုတ်လုပ်မှုနှင့် ပတ်သက်သည့် နည်းပညာကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ထို NEW ENERGY CAR (HYBRID) လျှပ်စစ်(ဘက်ထရီ)ကားများ မြန်မာပြည်တွင် စတင် ထုတ်လုပ်တော့မည်ဖြစ်ရာ ရှင်းလင်းပွဲကို စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် အဆိုပါကားစက်ရုံဝင်းအတွင်းရှိ ခန်းမ၌ ကျင်းပကြောင်း သိရသည်။


သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)