ပဲခူး ၂၃ ဇန်နဝါရီ
မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် အကျုံးဝင်မှု တိုးမြင့်ရေးအတွက် အရေးဆိုတင်ပြခြင်းဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ သီရိဟံသာခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားကာ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ ညှိနှိုင်းရေးမှူး ဒေါ်ယုယုဆွေက ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲအား မသန်စွမ်းသူတိုင်းသည် လူ့အခွင့်အရေး အားလုံးနှင့် အခြေခံလွတ်လပ်ခွင့်များ ရရှိရန်၊ မွေးရာပါ ဂုဏ်သိက္ခာများကို လေးစားမှုရှိစေရန်၊ အကူးအပြောင်း ကာလတွင် သက်ဆိုင်ရာကဏ္ဍများ၌ ဖွံ့ဖြိုး တိုးတက်နိုင်ဖို့ မသန်စွမ်းသူများကိုယ်တိုင် အခွင့်အရေးများကို သိရှိပြီး မိသားစုရပ်ရွာနှင့် နိုင်ငံတော်အတွက် အကျိုးပြုရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)