၂၉ သြဂုတ်

 

တရုတ်နိုင်ငံက မူကြိုကျောင်းတွေမှာ မျက်နှာပြင်ဝိုင်းပြီး ပုပြတ်ပြတ် ဆရာ၊ ဆရာမတွေက ပေးထားတဲ့ ပဟေဠိဉာဏ်စမ်းတွေကို ဖြေဖို့အတွက် မူကြိုကျောင်းသားတွေ ခိုးခိုးခစ်ခစ်ရယ်နေတာကို တွေ့ရပါတယ်။ 

 

 

အမြင့်ပေ ၂ ပေလောက်သာရှိတဲ့ ပုပြီး ဝဖိန့်တဲ့ ခန္ဓာကိုယ်ရှိတဲ့ အဖြူရောင် စက်ရုပ်ရဲ့ နာမယ်ကို ကီးကို လို့ အမည်ပေးထားပြီး အဲဒီစက်ရုပ်ဟာ အခုဆိုရင် တရုတ်နိုင်ငံတစ်ဝန်းရှိ မူကြိုကျောင်းပေါင်း ၆၀ဝ ကျော်မှာ သုံးစွဲနေကြပြီဖြစ်ပါတယ်။ ကီးကို စက်ရုပ်တီထွင်သူတွေဟာ တရုတ်တစ်နိုင်ငံလုံးနဲ့ အရှေ့တောင်အာရှအထိ ဈေးကွက် ခြေဆန့်ချင်တဲ့သဘောမှာ ရှိနေတာကို တွေ့ရပါတယ်။

 

ဒီစက်ရုပ်ဟာ ပုံပြောပြတာမျိုးနဲ့ ယုတ္တိရှိတဲ့ အကြောင်းအရာတွေကို ကလေးတွေနဲ့ ဉာဏ်စမ်းစိန်ခေါ်တာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ ကလေးတွေက အဖြေမှန်ကို ပြောနိုင်တဲ့အခါတိုင်း စက်ရုပ်က ပျော်ရွှင်သွားတဲ့ တုန့်ပြန်မှုအနေနဲ့ မျက်စိကနေ အသည်းပုံ မီးလင်းသွားတာမျိုးကို တွေ့ရပါတယ်။ 

 

ကီးကို စက်ရုပ် တစ်ရုပ်တန်းဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၀ဝ လောက်ပေးရတဲ့အတွက် မူကြိုကျောင်းဆရာမ တစ်ဦးရဲ့ တစ်လ လစာနဲ့ ကိုက်ညီနေပါတယ်။ ဒါပေမယ့် အသွေးအသားနဲ့ ဆရာ၊ ဆရာမ မှာတော့ ကောင်းတဲ့ အချက်တွေရှိအုန်းမှာ မလွဲပါဘူး။ 

 

တရုတ်နိုင်ငံမှာ စက်ရုပ်တွေကို ဈေးဝယ်ပစ္စည်း ဖြန့်ချိရေး၊ အသက်အရွယ် ကြီးရင့်သူတွေအတွက် အဖော်အဖြစ် အသုံးပြုလာတာမျိုး၊ ဘက်မလိုက်တဲ့ တရားဥပဒေ အကြံပေးလိုမျိုးအပြင် ယခုအခါ မူကြိုကလေးတွေအတွက် စာသင်ကြားပေးနိုင်သည့် ဆရာလိုပုံစံမျိုးအထိ တီထွင်အသုံးပြုလာကြတာဖြစ်ပါတယ်။ 

 

မနှစ်က စက်ရုပ်ဈေးကွက်မှာလည်း အမေရိကန် ဒေါ်လာ ၁.၃၂ ဘီလီယံ အထိရှိသည့် ဆေးဘက် အထောက်အကူပြု ပစ္စည်းကနေ အလိုလျောက် ဖုန်စုပ်တဲ့စက်ရုပ်အထိ ပါဝင်လာတာကို တွေ့ရပါတယ်။ ၂၀၂၂ မှာတော့ ၄.၉ ဘီလီယံအထိ တိုးချဲ့ သုံးစွဲလာမယ်လို့ ဈေးကွက်သုတေသန ကုမ္ပဏီ Research In China က ခန့်မှန်းထားပါတယ်။

 

 

"Made in China 2025" စီမံကိန်းကို အကောင်ဖော်ရန် တရုတ်နိုင်ငံဟာ ဉာဏ်ရည်တုနည်းပညာ (AI) စွမ်းရည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ငွေကြေးအင်အားရော လူအင်အားပါ ရင်းနှီးမြုပ်နှံလာတာကို တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့အပတ်က ဘေကျင်းမှာ ကျင်းပတဲ့ ကမ္ဘာ့စက်ရုပ်ညီလာခံမှာလည်း ရောဂါလက္ခဏာကို ရှာဖွေနိုင်တဲ့ စက်ရုပ်၊ ကြက်တောင်ရိုက် ကစားနိုင်တဲ့ စက်ရုပ်နဲ့ ပရိသတ်အားပေးမှုကို ရယူနိုင်တဲ့အထိ တေးဂီတဖျော်ဖြေနိုင်သည့် စက်ရုပ်တွေကိုလည်း တွေ့ခဲ့ရဖူးပါတယ်။ 

 

ဒီထက်ပိုပြီး အံ့အားသင့်စရာကောင်းတာကတော့ မနှစ်က ဘေကျင်းမှာ ဘုန်းတော်ကြီးအုပ်စု တစ်အုပ်စုက ဘုရားစာရွတ်ဆိုနိုင်သလို နိဗ္ဗာန်ရောက်ကြောင်း တရားဟောနိုင်တာမျိုးကိုပါ လုပ်ဆောင်နိုင်တဲ့ စက်ရုပ်ကို တီထွင်ဖူးကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား- AFP