မန္တလေး ၂၃ ဇန်နဝါရီ 


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ စားသောက်ဆိုင်များအား Mobile Laboratory Van (ရွေ့လျားဓါတ်ခွဲမော်တော်ယာဉ်) ဖြင့် ရှောင်တခင် စစ်ဆေးခြင်းများကို အခုလ ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)မှ သိရသည်။ 


၂၈၅ မိုင်ရှိ စားသောက်ဆိုင်များဖြစ်ကြသော Feel ၊ ရွှေခရား ၊ Famous ၊ Famous Cafe၊ Pioneer ၊ ရွှေအင်းလေး ၊ ရွှေရှမ်းလေး၊ သူကြီးအိမ် ၊ ၁၀၅ ကြက်ကြော်ဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။ 

123


"ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရတဲ့အစားအသောက်တွေ ဖြစ်စေရန်အတွက်FDA က ဦးဆောင်ပြီး Mobile Laboratory Van (ရွေ့လျားဓါတ်ခွဲမော်တော်ယာဉ်) နဲ့ ရှောင်တခင်ကွင်းဆင်း စစ်ဆေးတာပါ'' ဟုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော် က ပြောသည်။ 

123


၂၈၅ မိုင်ရှိ စားသောက်ဆိုင်များအား အစားအသောက် ကုန်ကြမ်းများစစ်ဆေးခြင်း၊ မုန့်ဟင်းခါးဖတ်၊ မုန့်တီဖတ်၊ ခေါက်ဆွဲဖတ်၊ ပဲပြားများအား ဖော်မလင်စစ်ဆေးခြင်း၊ ချဉ်ဖတ်များအား စစ်ဆေးခြင်း၊ ငါးပိ ငရုပ်သီးမှုန့်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

123


ဆက်လက်ပြီး စားသောက်ဆိုင်များ၏ စားသောက်ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ချက်ပြုတ်ပြင်ဆင်မှု၊ အစားသောက် ကိုင်တွယ်ပြင်ဆင်ခြင်းများ၊ တည်ခင်းခြင်း၊ အစားအသောက်ကြွင်းကျန်များနှင့် အမှိုက်များစွန့်ပစ်ခြင်းများအား စနစ်ကျမှု ရှိမရှိ စသည်တို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

123


ကွင်းဆင်းအဖွဲ့တွင် FDA (မန္တလေးရုံးခွဲ ၊ မိတ္ထီလာရုံးခွဲ) ၊ မိတ္ထီလာခရိုင်မှ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင် FDA၊ ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေး၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 


အိမို့မို့ခိုင် 
Photo FDA (Mandalay)

123