ဝေါ ၂၃  ဇန်နဝါရီ 


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပေါ်ရှိ ဝေါမြို့လယ်တံတား တည်ဆောက်နေမှုအား ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

123


ရှေးဦးစွာ တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)၊ တည်ဆောက်ရေး အင်ဂျင်နီယာမှ ဝေါမြို့လယ်တံတား တည်ဆောက်နေမှုအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ ဖြတ်သန်းသွားရာ လမ်းဆုံဖြစ်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်ကြောင်း၊ ဒါကြောင့် လမ်း/တံတားများသည် အလွန်အရေးကြီးကြောင်း၊ ယခုတည်ဆောက်သည့် တံတားသည် ရန်ကုန်-ပဲခူး-မော်လမြိုင်မှ ထိုင်းနိုင်ငံသို့ တိုက်ရိုက်ဆက်သွယ်သည့် လမ်းပေါ်တွင်တည်ရှိပြီး ကုန်စည်စီးဆင်းမှုအတွက်လည်း အလွန်အရေးပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာသည် ပြည်သူလူထု၏ အခွန်ငွေဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများတွင် ငွေကြေးသုံးစွဲမှု လေလွင့်မှု မရှိစေရန်၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ရန်၊ မမျှော်မှန်းနိုင်သော ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း စသည့် သဘာဝဘေးဒဏ်များလည်း ခံနိုင်ရန် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်နှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြစေရေး လမ်းညွှန်မှာကြားခဲ့သည်။


အဆိုပါ ဝေါမြို့လည်တံတားသည် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ရန်ပုံငွေကျပ်သန်း (၁၀ဝ၀)ဖြင့် သံကူကွန်ကရစ်တံတား အရှည်(၂၁၀)ပေအဖြစ် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


ဟိန်းထက်(ပဲခူး)