ဝါးခယ်မ ၂၃ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်း ကျေးရွာများရှိ ပြောင်းစိုက်ခင်းများတွင် (FAW) ငမြှောင်တောင်ပိုးများ ကျရောက်နေမှုများကို တောင်သူများ အနေဖြင့် ကာကွယ်မှု နည်းစနစ်မှန်ကန်ရေး အသိပညာပေးခြင်းနှင့် ကောက်ယူဖျက်ဆီးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သဲကုန်းကျေးရွာ၊ တောင်သူ ဦးလှခိုင်၏ ကွင်းအမှတ် ၁၀ဝ၃ / ၁၅၇၀ ၌ ကောက်ယူဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်ကိုနိုင်နှင့် ဝန်ထမ်းများ၊ သဲကုန်းကျေးရွာရှိ တောင်သူလယ်သမားများ စုပေါင်းပြီး (FAW) ငမြှောင်တောင်ပိုး ကျရောက်နေမှုများကို အလှည့်ကျ စုပေါင်းကောက်ယူ ဖျက်ဆီးခဲ့ကြောင်း၊ တောင်သူများကို အသိပညာပေး ဆောင်ရွက်ရာတွင် ဆေးဖျန်းနည်းစနစ်၊ ပိုးသတ်ဆေးအုပ်စု၊ ဆေးသုံးစွဲနှုန်းထား မှန်ကန်ရေးနှင့် လိုအပ်သော နည်းပညာပံ့ပိုးမှုများ ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ကျေးရွာအုပ်စု ၂၅ အုပ်စုတွင် အစေ့ထုတ်ပြောင်းနှင့် အထူးစား ပြောင်းစိုက်ဧက ၄၀ဝ၀ ကျော်ရှိပြီး ဧက ၂၂၀ဝ ကျော်၌ (FAW) ငမြှောင်တောင်ပိုးများ ကျရောက်ခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အဆိုပါ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြီး အသိပညာပေးမှုများနှင့် နည်းပညာ အကူအညီများ၊ ကောက်ယူဖျက်ဆီးခြင်း လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ