ညောင်ရွှေ    ၂၃    ဇန်နဝါရီ    

    
စိုက်ပျိုးရေးသွင်းအားစု မျိုးစေ့၊ ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲနှင့် ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ် တိလော ကျေးရွာအုပ်စု ရွှေရန်ပြေကျေးရွာရှိ တောင်သူ အသိပညာပေးစင်တာ၌ ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် ညောင်ရွှေ မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုးတို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးတင်ဦးကြိုင်က လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်ဝင်းထွန်းက သင်တန်းဖွင့်လှစ် ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။


ထို့နောက် စိုက်ပျိုးရေးသွင်းအားစု မျိုးစေ့နှင့် ဓာတ်မြေသြဇာများကို ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့သည်။ 


အဆိုပါ စိုက်ပျိုးရေးသွင်းအားစုများကို ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု ကျော့မောင်ငယ်ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာရှိ နွေစပါးတောင်သူပညာပေးစိုက်ခင်း ၁၄၂ ဧကအတွက် DU-16 (ရွှေအပ်) စပါးမျိုးစေ့ ၁၁၃၆ ကီလိုနှင့် ရွှေအားဓာတ်မြေသြဇာ ၁၄၂အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ညောင်ရွှေမြို့နယ်သည် နွေစပါးစိုက်ပျိုးထုတ်လုပ်ရန် ၁၃၆၂၇ ဧက ရည်မှန်းထားပြီး ရှမ်းပြည်နယ်တောင်ပိုင်း၏ နွေစပါးစိုက်ဧက ၆၁ ရာခိုင်နှုန်းကျော် စိုက်ပျိုးထုတ်လုပ်သည့် မြို့နယ်ဖြစ်ကြောင်း သိရသည်။


(နေမျိုးသူရိန်)