ပဲခူး ၂၃ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး(အိန္ဒိယနိုင်ငံထုတ်)အား Sky Wings ကုမ္ပဏီမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးခန်း၌ ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါကြောင့် (၁၀)မိနစ်တိုင်း တစ်ယောက်နှုန်း သေဆုံးလျက်ရှိ သည်။ ခွေးရူးပြန်ရောဂါသည် (Rhabdo Virus) တစ်မျိုးကြောင့်ဖြစ်ပြီး ကူးစက်ခံရပြီးဆိုလျှင် ဦးနှောက်နှင့် အာရုံကြောမကြီးထဲကို ရောက်ရှိလာကာ ရောဂါရဲ့လက္ခဏာတွေ ပေါ်ပေါက်စေ ပါသည်။ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်ပိုး သယ်ဆောင်လာတဲ့ တိရစ္ဆာန်တစ်ကောင်က ကိုက်လျှင်၊ ကုတ်ခြစ်လျှင် သို့မဟုတ် သူ့ရဲ့ သွားရည်က မိမိခန္ဓာကိုယ်ရဲ့ ပေါက်ပြဲနေတဲ့ အရေပြားနှင့် ထိတွေ့လျှင်၊ မျက်စိနှင့် ပါးစပ်တခုခုတွင်း ရောက်ရှိလျှင် ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ပါသည်။ အဓိက ခွေးမှတစ်ဆင့် ခွေးရူးပြန်ရောဂါ ကူးစက်လေ့ရှိပါတယ်။ သွေးနွေးသတ္တဝါတွေဖြစ်တဲ့ ကြောင်၊ မြေခွေး၊ တောခွေး၊ ဝက်၊ နွား၊ သိုး၊ ဆိတ်၊ လင်းနို့တွေရဲ့ တံတွေးနဲ့ ပြန်ရည်တွေကတစ်ဆင့်လည်း ရောဂါပိုးကူးစက် ပြန့်ပွါကူးစက်တတ်ကြောင်း သိရသည်။
ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအသုံးပြုခြင်းသည် နိုဝင်ဘာတွင် အလုံးရေ ၁၅၂၂ လုံး၊ ဒီဇင်ဘာလတွင် အလုံးရေ ၉၅၀ ကျော် အသုံးပြုခဲ့ရပြီး၊ ခွေးရူးပြန်ကာကွယ်ဆေးများ ထပ်မံလိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းဦး၊ ပဲခူးမြို့၊ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် သူနာပြုဆရာမကြီးများ၊ Sky Wings ကုမ္ပဏီမှ အလှူရှင် ဦးကျော်စောနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဟိန်းထက်(ပဲခူး)