စလင်း ၂၃ ဇန်နဝါရီ


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှဦးစီး၍ မိခင်ဝိုင်းများတိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ပတ်သက်သည့် သင်တန်းပို့ချခြင်းကို ဇန်နဝါရီလ ၂၁ရက်နေ့မှ ၂၄ ရက်နေ့အထိ နံနက် ၉ နာရီမှ စ၍ပို့ချပေးသွားမည်ဖြစ်သည်။


အဆိုပါသင်တန်းတွင် နည်းပြများအဖြစ် မကွေးမြို့မှ မူကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှု-၃ ဒေါ်ရီရီချိုတို့က ကလေးသဘာဝ၊ ကလေးလိုအပ်ချက်နှင့်လိုအင်၊ ကလေးဖွံ့ဖြိုးမှု၊ သင်ယူမှုအခြေခံအုတ်မြစ်၊ တာဝန်ဝတ္တရားများ၊ ဘာသာစကားဖွံ့ဖြိုးမှု၊ စာရင်းရေးသွင်းခြင်း၊ ပုံပြောသင်ကြားခြင်း၊ ထားရှိရမည့်စာအုပ်စာစောင်များ၊ လက်မှုသင်ကြားခြင်း၊ Mother Circle နှင့် Setting ဘာသာရပ်များကိုသင်ကြားပို့ချပေးလျှက်ရှိသည်။


မိခင်ဝိုင်းများ ဖွဲ့စည်းရခြင်းသည် ရပ်ရွာအတွင်းရှိ ၃ နှစ်အောက် ကလေးငယ်များ ကောင်းစွာဖွံ့ဖြိုးနိုင်ရေးအတွက် စနစ်တကျပြုစုပျိုးထောင်သည့်နည်းလမ်းကောင်းများကို မိခင်ဝိုင်းမှတစ်ဆင့် ရပ်ရွာလူထု အတွင်းသို့ ပျံ့နှံ့ရောက်ရှိစေခြင်းတို့ကို အဓိကထားဆောင်ရွက်လျှက် မိခင်ဝိုင်းအတွင်းရှိ ၃ နှစ်အောက် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ မိခင်ဝိုင်းထဲမှ မိခင်အချင်းချင်း ၎င်းတို့သိရှိထားသော ကလေးပြုစု ပျိုးထောင်ရေး နည်းလမ်းကောင်းများကို ဖြန့်ဝေရန်နှင့်မျှဝေရန်နှင့် ရပ်ရွာလူထုအနေဖြင့် ကလေးပြုစု ပျိုးထောင်ရေးသည် အရေးကြီးကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင်ဆောင်ရွက်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။


မြို့နယ်အတွင်းတွင် မိခင်ဝိုင်းများကို နွယ်တမယ်ကျေးရွာ၊ သာစည်ကျေးရွာ၊ ဝက်သိုက်ကျေးရွာ၊ အနောက်ကန်ဘောင်ကျေးရွာနှင့်သစ္စာမြိုင်ကျေးရွာများတွင်ဖွဲ့စည်းပေးသွားမည်ဖြစ်ပြီး မိခင်ဝိုင်းတစ်ဝိုင်း လျှင် ကလေး ၂၀ ဦးကို မိခင်ဝိုင်းခေါင်းဆောင် ၁ ဦးနှင့် ပံ့ပိုးပေးသူ ၆ ဦးတို့က နေ့စဉ်ထိမ်းကြောင်းပြုစု ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။


MDN