၂၆ ဇူလိုင်
လာမယ့်သောကြာနေ့မှာ လက်ရှိရာစုနှစ်အတွင်း အကြာမြင့်ဆုံး လအပြည့်ကြတ်မှုဖြစ်စဉ် ဖြစ်ပေါ်မှာဖြစ်ပြီး သွေးရောင်လွှမ်းတဲ့လကိုတော့ ကမ္ဘာ့နေရာအတော်များများက တွေ့မြင်နိုင်မယ်လို့ အမေရိကန် အာကာသအေဂျင်စီ နာဆာ ထုတ်ပြန်ချက်အရ သိရပါတယ်။ လအပြည့်ကြတ်မှုဖြစ်စဉ်ဟာ အချိန်အားဖြင့် ၁ နာရီနဲ့ ၄၃ မိနစ်ခန့်ကြာမြင့်မယ်လို့ သိရပါတယ်။
ယခုလို လအပြည့်ကြတ်မှုဖြစ်စဉ်မျိုး လွန်ခဲ့တဲ့ ၁၈ နှစ်၊ ၂၀ဝ၀ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့က နောက်ဆုံးအကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၁ နာရီ ၄၆ မိနစ်ကြာမြင့်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက "super blue blood moon" ထက် ၂၇ မိနစ် ပိုမိုကြာမြင့်မှာ ဖြစ်ပါတယ်။
သြစတေးလျ၊ အာရှ၊ အာဖရိက၊ ဥရောပနဲ့ တောင်အာဖရိက စတဲ့နိုင်ငံတွေက မိုးလေဝသ အခြေအနေပေါ်မူတည်ပြီး လအပြည့်ကြတ်ခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်းကြတ်တာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
လ နဲ့ နေအကြား ကမ္ဘာ ရောက်ရှိချိန်မှာ လအပြည့်ကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်တာဖြစ်ပါတယ်။ လပေါ်ကို ကမ္ဘာ့အရိပ်ကျရောက်နေပေမယ့် ကမ္ဘာ့လေထုကို ဖောက်ထွက်သွားတဲ့ နေရောင်ခြည်ပါ အနီနဲ့လိမ္မော်ရောင်လှိုင်းတွေကလည်း လကို ရောက်ရှိသွားတာကြောင့် သွေးရောင်လွှမ်းတဲ့လအဖြစ် ကမ္ဘာ့နေရာတချို့က မြင်တွေ့ရတာဖြစ်ပါတယ်။
ရာစုနှစ်အတွင်း အကြာမြင့်ဆုံး လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်စဉ်မှာ အင်္ဂါဂြိုလ်ကလည်း ၁၅ နှစ်အတွင်း ကမ္ဘာနဲ့ အနီးဆုံးကို ရောက်ရှိချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် နက္ခတ်တာရာ လေ့လာစူးစမ်းသူတွေအတွက် တကယ့် ကြုံတောင့်ကြုံခဲ အချိန်အခါတစ်ရပ် ဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့ဟာ မြန်မာပြက္ခဒိန်အရ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာနေ့ နဲ့လည်း တိုက်ဆိုင်နေတာတွေ့ရပါတယ်။
ဘာသာပြန် > မိုးမမ
ကိုးကား > ဆင်ဟွာ