စစ်ကိုင်း ၂၃ ဇန်နဝါရီ
စစ်ကိုင်းမြို့နယ် စာရေးကျေးရွာ မြောက်ဘက်ရှိ ရေမျက်ကြီးအင်းအတွင်း လာရောက်နားခိုကြသော ဆောင်းခိုငှက်များကို ဆေးချဖမ်းဆီးသူများကို ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ငှက်ဆေးချ ဖမ်းဆီးမှုများကြောင့် လက်ရှိတွင် ရေမျက်ကြီးအင်းအတွင်း လာရောက်နားခိုကြသော ဆောင်းခိုငှက်များ သေကျေပျက်စီးမှုဖြစ်ပေါ် လျက်ရှိသဖြင့် ဆက်လက်ဆေးချ ဖမ်းဆီးမှုများပြုလုပ်လျှင် ဥပဒေအရ အရေးယူသွား မည်ဖြစ်သည်။
"ငါးလေးတွေရဲ့ ပါးစပ်ထဲဆေးထည့်ပြီး ငှက်ထောင်တာပါ။ ရေမျက်အင်းစောင်းကိုလာတဲ့ ဆောင်းခိုငှက်တွေက ဆေးခတ်ထားတဲ့ ငါးလေးတွေကို မျိုချတဲ့အခါ မပျံနိုင်ဘဲချက်ချင်း သေတာမျိုးတွေ ဖြစ်နေတယ်။ ဒီလိုမျိုးတွေကို မလုပ်ကြဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ အကူအညီတောင်းပြီး တားမြစ်ပေးဖို့ ပြောထားပါတယ်။ ငှက်တွေကို ဆေးချဖမ်းဆီးရင် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့ ကြေညာထားပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ပြောသည်။
ရေမျက်ကြီးအင်းတွင် ဆောင်းခို ငှက်များကို ဆေးချဖမ်းဆီးနေမှုနှင့် ပတ်သက်၍ ယခုလ ၂၀ရက်က စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦစီးဌာနက ရေမျက်ကြီးအင်း ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ငှက်ဆေးမချရန် အသံချဲ့စက်ဖြင့်ကြေညာထားကြောင်း သိရသည်။
သူရိန်လင်း