ရန်ကုန်  ၁၃  ဇူလိုင် 

 

ရန်ကုန်မြို့လယ် မြို့နယ်ခြောက်ခုဖြစ်သည့် ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်နှင့် လသာမြို့နယ်များနှင့် မြို့ပေါ်နေရာအချို့ဖြစ်သည့် စမ်းချောင်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျောက်မြောင်း ရပ်ကွက်နှင့် ယုဇနပလာဇာ အနီးတစ်ဝိုက်တို့တွင် MPT ၏ အိမ်သုံး ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှု (FTTH) ဆက်လက်တိုးချဲ့သည့် အစီအစဉ်များကို ဇူလိုင် ၅ ရက်မှစ၍ စတင်လိုက်ပြီဖြစ်ကြောင်း MPT မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ FTTH ကို တပ်ဆင်အသုံးပြုရန်အတွက် အစီအစဉ်သုံးမျိုး သတ်မှတ်ထားပြီး အမြန်နှုန်း 2Mbps အတွက် လစဉ်ကြေး ကျပ် ၃၉၀ဝဝ၊ အမြန်နှုန်း 5Mbps အတွက် လစဉ်ကြေး ကျပ် ၆၉၀ဝဝ နှင့် 10Mbps အတွက် လစဉ်ကြေး ကျပ် ၁၀၉၀ဝဝ ဖြစ်ကာ အသုံးပြုသူများအနေဖြင့် သတ်မှတ်အမြန်နှုန်းများအတိုင်း အကန့်အသတ်မဲ့ အင်တာနက်ကို ရရှိအသုံးပြုနိုင်မည် ဖြစ်သည်။ ကနဦးတပ်ဆင်ခမှာ မည်သည့်အစီအစဉ်အတွက်မဆို ကျပ်ငါးသောင်းဖြစ်ပြီး ယခု စတင်ဝန်ဆောင်မှုပေးချိန်တွင် တပ်ဆင်အသုံးပြုမည့်သူများ အနေဖြင့် ပရိုမိုးရှင်းကာလဖြစ်သည့် ဇူလိုင် ၂၅ ရက်အတွင်း ကနဦးတပ်ဆင်ခ အခမဲ့ တပ်ဆင်နိုင်ခွင့်ကိုလည်း ရရှိမည်ဟု သိရသည်။

 

အဆိုပါ ဝန်ဆောင်မှုအသစ်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT အမှတ်တံဆိပ်စတိုးဆိုင်များတွင်ဖြစ်စေ၊ ဖုန်းနံပါတ် ၁၀၆ (သို့မဟုတ်) ဝ၁-၂၃၉၉၁၀၆ သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်သလို MPT ၏ဝက်ဘ်ဆိုက် http://mpt.com.mm/mm/  တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး MPT အနေဖြင့် ရန်ကုန်မြို့အပြင် မန္တလေးနှင့် အခြားသောဒေသများသို့လည်း FTTH အင်တာနက်စနစ်ကို ချဲ့ထွင်နိုင်ရန် ဆက်လက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သူရဖြိုး