နေပြည်တော် ၂၃ ဇန်နဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ပြည်သူများပိုမိုသိရှိစေရေး သတင်းရေးသားထုတ်ပြန်နိုင်ရန် ရည်ရွယ်၍ သတင်း နှင့်ပြန်ကြားရေးဆိုင်ရာ သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ရာ ဇန်နဝါရီ ၂၃ရက်တွင် နေပြည်တော် ရုံးအမှတ် ၃၆၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သင်တန်းခန်းမ၌သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး၊ ကျေးလက်ဒေသ၌ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ လူထုအခြေပြု စီမံကိန်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများ ယခင်ကထက် ပိုမိုသိရှိရန် သတင်းထုတ်ပြန်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောကြားသည်။
သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၃ရက် မွန်းလွဲ ၃နာရီတွင် ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း က အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ကြောင်းသိရသည်။
“အခုလို သင်တန်းတက်ရောက်ရတဲ့အတွက် သတင်းကိုစနစ်တကျ ရေးသားတတ်လာတယ်။ သတင်းကောင်း တစ်ပုဒ်ရလာအောင် အဓိကပါဝင်ရမယ့်အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကိုသိလာတယ်။ နောင်ဆိုရင် ကျွန်မတို့ ဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို လူထုပိုပြီး စိတ်ဝင်စားလာအောင် ရေးသားနိုင်တော့မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသူ ဒေါ်ဝါဝါထွန်းက ပြောကြားသည်။
သင်ကြားပို့ချခဲ့ပြီး သင်တန်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့အလင်းသတင်းစာ စာတည်းမှူးချုပ်နှင့် အယ်ဒီတာအဖွဲ့ဝင်များက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် များမှ ဝန်ထမ်း၂၁ ဦးကို သတင်းရေးသားထုတ်ပြန်နိုင်ရန် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း ကျေးလက်ဦးစီးသင်တန်းအဖွဲ့ ထံမှသိရသည်။
MDN