ပါရာဂွေး ၅ ဇူလိုင်
ဂျာမနီ၊ အီတလီနှင့် ချက်သမ္မတ နိုင်ငံများမှ သတ္တဗေဒပညာရှင်များနှင့် သိပ္ပံပညာရှင်များ ပူးပေါင်းထားသည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် မျိုးတုံးပျောက်ကွယ်လုနီးပါး မြောက်ပိုင်းကြံ့ဖြူများအား သန္ဓေသားလောင်း ဖန်တီးပြီး မျိုးပွားနိုင်ရန် ကြိုးစားနေကြောင်း ချက်နိုင်ငံ တိရိစ္ဆာန်ဥယာဉ်မှ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်အရ သိရသည်။
နောက်ဆုံး အသက်ရှင်ကျန်ရှိသည့် ကြံ့ဖြူအထီး သေဆုံးပြီးနောက် ကမ္ဘာပေါ်တွင် နာဂျင်နှင့် ဖာတူအမည်ရှိ ကြံ့ဖြူအမ နှစ်ကောင်သာကျန်ရှိတော့သည်။ သိပ္ပံပညာရှင်များက မြောက်ပိုင်း ကြံ့ဖြူ၏ အဖိုမျိုးစေ့နှင့် တောင်ပိုင်း ကြံ့ဖြူ၏ အမမျိုးဥများအား ပေါင်းစပ်ပြီး ပေါင်းစပ် သန္ဓေသားလောင်း ဖန်တီးခဲ့ကြသည်။ အဆိုပါ ကြံ့သန္ဓေသားလောင်းတု ဖန်တီးပြီး မျိုးပွားမှုသည် ပထမဆုံး အကြိမ်ဖြစ်ပြီး ဓာတ်ခွဲခန်းတွင် စမ်းသပ်စဉ်က အောင်မြင်မှု ရခဲ့ကြောင်း သိရသည်။
“မျိုးတုံးပျောက်ကွယ်မှု အန္တရယ်နဲ့ ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်တွေကို ကယ်တင်နိုင်ဖို့တွက် အမှန်တကယ်ထိရောက်တဲ့ နည်းလမ်းပါ။ မြောက်ပိုင်း ကြံ့ဖြူသားပေါက်တစ်ကောင် မွေးဖွားလာနိုင်ဖို့အတွက် သန္ဓေသားလောင်းဖန်းတီးတာဟာ အဓိကကျတဲ့ အချက်ပါပဲ။ ဒါပေမဲ့ သန္ဓေသားလောင်းရဲ့ မျိုးဗီဇတစ်ဝက်က တောင်ပိုင်း ကြံ့ဖြူရဲ့ မျိုးစိတ်ကရတာပါ။ တကယ့်ကို အံ့သြစရာကောင်းတဲ့ အောင်မြင်မှုပါပဲ။” ဟု ချက်သမ္မတနိုင်ငံ ဒီဗီယူအာ ကရာလဗ် တိရစ္ဆာန်ဥယာဉ်မှ ဒါရိုက်တာ Premysl Rabas ကပြောပြသည်။
ယခုပေါင်းစပ် သန္ဓေသားလောင်းဖန်တီးရာတွင် အဖိုမျိုးစေ့ကို ပြီးခဲ့သည့် မတ်လက သေဆုံးသွားခဲ့သည့် ကင်ညာနိုင်ငံမှ မြောက်ပိုင်းကြံ့ဖြူကြီး ဆူဒန် ထံမှ ရယူထားခဲ့ခြင်းဖြစ်ပြီး အမမျိုးဥများကို ဥရောပတစ်လွှား တိရစ္ဆာန်ဥယာဉ်များနှင့် ချက်သမ္မတနိုင်ငံ ဒီဗီယူအာ ကရာလဗ် တိရစ္ဆာန်ဥယာဉ်ရှိ တောင်ပိုင်းကြံ့ဖြူများထံမှ ရယူစုဆောင်းခဲ့ခြင်းဖြစ်သည်။ အမမျိုးဥများကို စုဆောင်းရာတွင် အလျား ၂ မီတာ နီးပါးရှိသည့် ကြံ့များထံမှ ရယူခဲ့သည်။ စုဆောင်းရရှိခဲ့သည့် မမျိုးဥများကို အီတလီနိုင်ငံ အဗန်တီယာ ဓာတ်ခွဲခန်းတွင် မျိုးဥများ ကြီးထွားဖွံ့ဖြိုးလာပြီး သားဖောက်နိုင်ရန် နည်းလမ်းများ ရှာဖွေခဲ့ကြသည်။
“ရက်သားအရွယ် ပင်မဆဲလ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့တဲ့နောက်မှာ ဒီနည်းစနစ်ကို ကျွဲ၊ နွား တိရစ္ဆာန်တွေမှာ အသုံးပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကြံ့တွေမှာတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။” ဟု အဗန်တီယာ ဓာတ်ခွဲခန်းမှ ကိုယ်စားလှယ်ဖြစ်သူ ချေစာရီ ဂယ်လ်လီ ကပြောပြသည်။ ဖန်တီးထားသည့် သန္ဓေသားလောင်းများကို အေးခဲထားပြီး နောက်ပိုင်းတွင် အခြား မိခင်ကြံ့ဖြူအမ၏ မျိုးလမ်းကြောင်းထဲ လွှဲပြောင်းအစားထိုးသွားရန် ထိန်းသိမ်းထားသည်။
ယခုအခါ သိပ္ပံပညာရှင်များသည် ကင်ညာနိုင်ငံတွင်ရှိသည့် နောက်ဆုံး ကြံ့ဖြူနှစ်ကောင်၏ မမျိုးဥကို ရယူပြီး သန့်စင်ပြီး သန္ဓေသားလောင်း ဖန်တီးရန် စိန်ခေါ်မှုများ ရှိနေသေးသည်။
အရွယ်ရောက်ပြီး ပင်မဆဲလ်များကို ပေါင်းစပ်ပြီး သန္ဓေသားလောင်း ဖန်တီးမျိုးပွားမှုသည် မျိုးတုံးပျောက်ကွယ်လုနီး အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် တိရစ္ဆာန်များကို ကယ်တင်ရန် သိပ္ပံပညာရှင်များအတွက် နည်းလမ်းသစ်ဖြစ်သည်။
MDN
ကိုးကား - ဆင်ဟွာ