၃ ဇူလိုင်

ကော့တေး၊ သစ်သီးဖျော်ရည် နဲ့ အသင့်စား အစားသောက်များ ကို နှစ်ခြိုက်စွာ စားသုံးကြတဲ့ သူတွေကြားမှာ ပလတ်စတစ် တခါသုံးအရည်စုတ်ပိုက်များဟာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုအနေနဲ့ သုံးစွဲလာတာ ဆယ်စုနှစ်တွေ ကြာပြီဖြစ်ပါတယ်။

ဒါပေမယ့် ပလတ်စတစ်ပိုက် မသုံးစွဲရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတွေ အကြီးအကျယ်ဆော်သြလာတာကြောင့် အခုတော့ အပြောင်းအလဲ စလုပ်ဖို့အတွက် ရှိနေပါတယ်။

 

 

သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေရဲ့ ဖိအားပေးမှုတွေကြောင့် ဥရောပ၊ ဗြိတိန်၊ အိန္ဒိယ နဲ့ အသင့်စားအစားအစာကုမ္ပဏီဖြစ်တဲ့ McDonald's တို့တောင် ပလတ်စတစ်ပိုက် အသုံးပြုခြင်း အဆုံးသတ်ရေးကို ဦးတည်သွားနေပြီဖြစ်ပါတယ်။

ပလတ်စတစ်အိတ် အသုံးမပြု/လျော့ချရေးအတွက် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ လှုပ်ရှားခဲ့တာ နှစ်ပေါင်း တော်တော်ကြာခဲ့ပြီဖြစ်ပါတယ်။ အခုတော့ ပလတ်စတစ်ပိုက်တွေ အသုံးမပြုရေးကို လုပ်ဆောင်ဖို့အတွက် ခြေဦးလှည့်နေပါပြီ။

ဗြိတိန်အစိုးရက ပလတ်စတစ်ပိုက်အပါအဝင် တခါသုံးပလပ်စတစ်ပစ္စည်းတွေကို ဈေးလျော့ မရောင်းရဘူးဆိုပြီး ပြီးခဲ့တဲ့ ဧပြီလက ပိတ်ပင်ခဲ့ပါတယ်။

 

 

ဥရောပနိုင်ငံတွေကလည်း အဲဒီအစီအစဉ်ကို မေလ မှာ လိုက်လုပ်ခဲ့ကြောင်း သိရပါတယ်။

ဇွန်လဆန်းက အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ Burger King၊ McDonald's နှင့် Starbucks စတဲ့ ဆိုင်တွေမှာ တခါသုံးပလတ်စတစ် အသုံးဆောင်တွေကို သုံးတဲ့အတွက် ဥပဒေချိုးဖောက်တယ်ဆိုပြီး အဲဒီဆိုင် ၃ ဆိုင်ကို ဒဏ်ငွေ ပေးဆောင်စေပါတယ်။

ပလတ်စတစ်ပိုက် အစားထိုးအဖြစ် ပါစတာ ခြောက်ချောင်း၊ ဝါးချောင်း နဲ့ စက္ကူပိုက် စတာတွေကို စတင်အသုံးပြုလာပြီဖြစ်ပါတယ်။

တစ်နှစ်လျှင် ပလတ်စတစ်တန်ချိန် ၈ သန်းဟာ ပင်လယ်တွေမှာ စွန့်ပစ်နေကြောင်း အမေရိကန်သိပ္ပံမဂ္ဂဇင်းမှာ ရေးသားထားတာကို စိစစ်လေ့လာကြည့်ရင် တစ်စက္ကန့်ကို ပလတ်စတစ် ၂၅၀ ကီလိုဂရမ် ပင်လယ်ထဲရောက်ရှိနေကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP