မုံရွာ ၂၃  ဇန်နဝါရီ 


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကနီမြို့နယ်နှင့် ကလေးမြို့နယ်တို့မှ တရုတ်နိုင်ငံသို့ တရားမဝင် အလုပ်သွားရောက်လုပ်ကိုင်သည့် လုပ်သား ၄၅ ဦးသည် ဇန်နဝါရီ ၂၃ ရက်နေ့နံနက်ပိုင်းတွင် မုံရွာမြို့သို့ ပြန်လည် ရောက်ရှိလာသဖြင့်  ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင်  စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှ င့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


''ဒီကိစ္စကိုစပြီး အကြောင်းကြားလာတာက အခုလ(၁၁)ရက်နေ့ကပါ။ စစခြင်း အမှုဖွင့်ခိုင်းတယ်၊ ပွဲစားတွေကို ဖမ်းဆီး ထိန်းသိမ်းခိုင်းတယ်၊ ပြီးတော့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်၊ အဲဒီလိုလုပ်ဆောင်နိုင်ဖို့အတွက်ကို ကနီမြို့နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ပါတယ်၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးပါတယ်၊ ကိုယ်ရယ်၊ လူကုန်တားရဲတပ်ဖွဲ့ဝင်တွေ၊ မိဘတွေ အားလုံးပါတယ်၊ တောက်လျောက် လုပ်ခိုင်းတဲ့အတွက် အခုလို လျင်မြန်စွာနဲ့ ပြန်လည်ရောက်ရှိ လာတာပါ'' ဟု စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။


မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသော လုပ်သား (၄၅)ဦးတွင် ကနီမြို့နယ်မှ (၄၂)ဦးနှင့် ကလေးမြို့နယ်မှ(၃)ဦး တို့ပါဝင်ကြောင်းနှင့် ပွဲစားမှတဆင့် တရုတ်ပြည်သို့ တရားမဝင်အလုပ်သွားလုပ်သည့် အခြားအဖွဲ့ဝင် (၁၅)ဦးသည် ယနေ့ညတွင် မုံရွာမြို့သို့ဆက်လက်ရောက်ရှိမည်ဖြစ်ပြီး အခြားအဖွဲ့ (၃၃)ဦးအားလည်း ပြန်လည်ခေါ်ဆောင်နိုင်ရေး ဆက်လက်ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)