စစ်တွေ  ၂၃  ဇန်နဝါရီ 


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး  ဦးညီညီမင်းတို့နှင့်အတူ ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီတွင် စစ်တွေမြို့ပေါ်ရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း (မင်းဂံ) သို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက်  ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့သည်။

123


တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ပညာ ရေးတိုးတက်မြင့်မားရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်လျှက်ရှိကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် ယခင်နှစ်က ကျောင်း၏ အောင်ချက် အခြေအနေကို တင်ပြစေလိုကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့် ကူညီဆောင်ရွက်ပေးရမည့် ကိစ္စများရှိပါက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရှေ့မှ အကိုကြီး အမကြီးများ၏ကြိုးစားမှုများကို အတုယူပြီး ကျောင်း၏ဂုဏ်၊ မြို့နယ်၏ဂုဏ်၊ ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးကြစေလိုကြောင်းနှင့် ထူးချွန်စွာ အောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်စွာအောင်မြင်သည့် ကျောင်း၊ သင်ကြားပြသသည့် ဆရာ၊ ဆရာမများကိုလည်း ထိုက်ထိုက်တန်တန် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 


ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေ၊ သင်ခန်းစာပြီးမြောက်မှု၊ ယခုနှစ် အောင်ချက် တိုးတက်နိုင်မည့် အခြေအနေတို့ကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို မေးမြန်းရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အောင်ချက်မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်နေမှုတို့ကို ရှင်းလင်း ပြောကြားကြသည်။  ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀) သိန်းကို ပေးအပ်သည်။


နေ့လည်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကျောင်းအုပ်ဆရာကြီး နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀) သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)