ရန်ကုန် ၂၃ ဇန်နဝါရီ 

 

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန (IBC)၌ ကျင်းပသည့် ASEAN Enabling Masterplan 2025: Mainstreaming the Rights of Persons with Disabilities အကောင်အထည်ဖော်ရေး အစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်မှ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းများအတွက် ဥပဒေစိုးမိုးမှုရှိရန် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ဖော်ဆောင်၍ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပါက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေမှုကို မြင်တွေ့ရပါကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံး အခွင့်အရေးများ တန်းတူညီမျှ ခံစားရရှိရန်ဖြစ်ပြီး ခွင့်တူညီမျှရရှိရေးသည် ဖယ်ဒရယ်စနစ်၏ အနှစ်သာရဖြစ်သောကြောင့် မသန်စွမ်းများကို ခွဲခြားခြင်း၊ ချန်ရစ်ခဲ့ခြင်း မရှိအောင် အခွင့်အရေးများ ဖော်ဆောင်ပေးခြင်းသည် စစ်မှန်သော ဖယ်ဒရယ်စနစ် ပေါ်ပေါက်လာရေးအတွက် အထောက်အကူပြု ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒအရ လူသားတိုင်း အခြေခံလူ့အခွင့်အရေးရရှိရေး၊ လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင်လည်း မသန်စွမ်းသူများ အကျုံးဝင်ပါဝင်ရေးတို့ကို အားလုံးအကျုံးဝင်သည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာစံနှုန်းများ လိုက်နာဆောင်ရွက်မှု၊ အာရှနှင့် ပစိဖိတ်ဒေသအတွင်း ပါဝင်ဆောင်ရွက်မှုအပြင် အာဆီယံဒေသတွင်းတွင်လည်း တက်ကြွစွာလှုပ်ရှား ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ASEAN Enabling Masterplan 2025: Mainstreaming the Rights of Persons with Disabilities ကို အတည်ပြုချမှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ASEAN Enabling Masterplan 2025 ကို မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိအောင် အကောင်အထည်ဖော်နိုင်မည့် မဟာဗျူဟာစီမံကိန်း (၂၀၁၉ - ၂၀၂၃) တစ်ရပ် လိုအပ်သည့်အတွက် ယနေ့အစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း။

 

ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်နေသည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်လည်း ဆက်စပ်ရန်လိုပါကြောင်း၊ အထူးသဖြင့် ၂၀၁၈ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ ကျင်းပပြုလုပ်သည့် Global Disability Summit တွင် မြန်မာနိုင်ငံမှ ကတိပြုထားရှိခဲ့သည့် ကတိကဝတ် ၇ ချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက်မှုများသည် နိုင်ငံတော်က ဦးဆောင်နေသည့်အပြင် မသန်စွမ်းသူများနှင့် မသန်စွမ်း အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့်အတွက် ရေရှည်တည်မြဲပြီး အကျိုးကျေးဇူးရရှိနိုင်မည် ဖြစ်ပါကြောင်း ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် UNICEF (Myanmar)၊ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့နှင့် တွေ့ဆုံပြီး မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေများ (၂၀၁၇)ကို Sign Language ဖြင့် ထုတ်ပြန်နိုင်ရေး စီမံကိန်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်း၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

 

ဆက်လက်၍ Volunteer Service Organization မှ မသန်စွမ်းမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းမှု စစ်တမ်းကောက်ယူရေး၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကျင်းပနိုင်ရေးတို့ကို ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)