သီပေါ ၂၄ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဦးစီး၍ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူအရွယ်မှ စတင်၍ နို့သောက်သုံးခြင်း၊ နို့တိုက်ကျွေးခြင်း (School Milk Program) ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တုံစင့်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ အာဟာရအဖြစ် နွားနို့နှင့်ကြက်ဥ တိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးဝင်းဇော်ဦးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာ အုန်းအုန်းမြင့်တို့က နို့သောက်သုံးခြင်းဖြင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ဖွံ့ဖြိုးသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်၊ တစ်ရက်လျှင် အနည်းဆုံးနို့တစ်ခွက် သောက်သုံးခြင်း အလေ့အထများ ထွန်းကားလာစေရန်၊ နို့သောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် နို့စားနွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တိုက်ကျွေးခြင်း ဖြစ်ကြောင်း အသီးသီးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာအုန်းအုန်းမြင့်၊ မြို့နယ်ပညာရေးမှူး၊ နွားနို့ နှင့်ကြက်ဥ အလှူရှင် ဒေါက်တာအောင်ဇော်မြင့် (တိုးပွားကြက်စာနှင့် ကြက်ဥလုပ်ငန်း)နှင့် မန္တလေးမြို့မှ အလှူရှင် ဒေါက်တာ အောင်မျိုးလှိုင် (CP Livestock Co. Ltd) တို့ကစုပေါင်း၍ အဆိုပါကျောင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၆၁)ဦးအား နွားနို့နှင့်ကြက်ဥများကို အာဟာရအဖြစ် တိုက်ကျွေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN