မင်္ဂလာဒုံ  ၂၄ ဇန်နဝါရီ 


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ပြည်သူများ စာဖတ်သည့် အလေ့အထကောင်းများ ရှိလာစေရန်၊ စာကြည့်ဝန်ဆောင်မှု နည်းစနစ်များ မှန်ကန်တိကျစေရန်နှင့်  ကျောင်း/ ရပ်ကွက် /ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ များအဖြစ် မြောက်ပိုင်းခရိုင်အတွင်းရှိ ခရိုင်ဦးစီးမှူးနှင့် မြို့နယ် ဦးစီးမှူးတို့က သင်ကြားပို့ချသွားမည်ဖြစ်သည်။ 


အဆိုပါသင်တန်းသို့ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျောင်း၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက်တာဝန်ခံ ၂၄ ဦး တက်ရောက်ခဲ့ပြီး စာကြည့်တိုက်ပညာ ဆင့်ပွား သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ (၂)ရက်တိုင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


စိုင်းကိုကို(မင်္ဂလာဒုံ)