မန္တလေး ၂၄ ဇန်နဝါရီ

မန္တလေးမြို့ စည်ပင်သာယာပိုင် ဈေးများတွင် အမှန်တကယ်ဈေးရောင်းချသည့်ဈေးသည်များအား ဆိုင်ခန်း အပိုင်ပေးသည့်စနစ် မဟုတ်ပဲ ငှားရမ်းသည့် စနစ်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အရင်က အဆိုပါ ဈေးဆိုင်ခန်းများအား အပိုင်ရောင်းချသည့်စနစ်ဖြင့် ရောင်းချရာတွင် စီးပွားရေးဈေးကွက် တွက်ချက်ကာ ဝယ်ထားသူများရှိသဖြင့် အမှန်တကယ်ဈေးရောင်းချလိုသူတွေအတွက် ဈေးဆိုင်ခန်းများသည် ဈေးနှုန်းကြီးမြင့်ခြင်းများရှိခဲ့ကြောင်းသိရသည်။

"ဆိုင်ခန်းတွေကို ရောင်းတဲ့စနစ်မျိုးလုပ်တော့ တကယ်ဈေးထွက်တဲ့ဈေးသည်က မဝယ်နိုင်တာလည်းရှိတယ်။ မရတာလည်းရှိတယ်။ ဘယ်သူတွေက ရသလဲဆိုတော့ မြေတွေကို မြတ်ရင်ပြန်ရောင်းမယ်ဆိုတဲ့သဘောမျိုးနဲ့ ဝယ်သလိုပဲ ဒီဈေးဆိုင်ခန်းတွေကိုအမြတ်နဲ့ပြန်ရောင်းချင်တဲ့ စီးပွားရေးသမားတွေလက်ထဲကို ဆိုင်ခန်းတွေ (တချို့ပေါ့နော်) ရောက်သွားတယ်''ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

ထို့အပြင် ဆိုင်ခန်းများအား ဈေးမထွက်ပဲ ဝယ်ယူထားခြင်းကြောင့် ဈေးမစည်ကားခြင်း၊ စနစ်တကျရောင်းချမှု မရှိခြင်းများ ရှိသည့်အတွက် ယခုလို ငှားရမ်းသည့်စနစ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

"အခုက ဆိုင်ခန်းခမပေးရတော့ဘူး ဈေးကောက်ပဲပေးရတယ်။ တကယ်ဈေးရောင်းတဲ့သူတွေ အတွက် အတော်လေးကို အဆင်ပြေပါတယ်'' ဟု ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်ရန်ကျော်ဈေးက ဈေးသည်တစ်ဦးက ပြောသည်။

စီးပွားဖြစ်ပြန်ရောင်းရန် ဝယ်ယူထားသူများသည် အမှန်တကယ်ဈေးမရောင်းပဲ ဆိုင်ခန်းများအားပြန်ငှါးခြင်း၊ ပစ္စည်းများ ထားသိုခြင်းတို့ကြောင့် မန္တလေးမြို့တော်စည်ပင်သာယာအနေဖြင့် ထပ်မံဆောက်လုပ်မည့်ဈေးများအား ငှားရမ်းသည့်စနစ်ဖြင့် နေရာချထားခြင်း၊ ယခင်ရောင်းချထားသည့်ဈေးဆိုင်ခန်းများတွင် အမှန်တကယ် ဈေမရောင်းသူများအား ပြန်လည်စိစစ်ခြင်းတို့ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

အိမို့မို့ခိုင်