ကျိုက်မရော ၂၄ ဇန်နဝါရီ 


မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် တည်ဆောက်မည့် အတ္ထရံမြစ်ကူး(စပယ်ဂူ) တံတားကို ၂၀၂၀ ပြည့်နှစ် တွင် အပြီးတည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးအထူးအဖွဲ့(၁၄)မှ ဇန်နဝါရီ ၁၄ရက်တွင် ပန္နက်တင်မင်္ဂလာအခမ်းအနား ပြုလုပ်၍ လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါတံတားသည် ကျိုက်မရော-စံပယ်ဂူ-ကော့ပ နောလမ်းပိုင်းတွင် တည်ရှိပြီး တံတား၏အရှည်မှာ ၂၁၁၃ ပေ ၂ လက်မ ဖြစ်သည်။ တံတားအမျိုးအစားမှာ သံမဏိသံပေါင်(Main Steel Truss) သံကူကွန်ကရစ် ချဉ်းကပ်တံတားအမျိုးအစားဖြစ်ပြီး မော်တော်ယာဉ် တစ်စီးချင်းစီ မောင်းနှင်နိုင်ကာ ခံနိုင်ဝန် AASHTO(HS25-44) ယာဉ်သွားလမ်းအကျယ်မှာ ၂၇ ပေ ၁၁ လက်မ၊ လူသွားလမ်းအကျယ် ၃ ပေ ၃ လက်မ၊ ရေလမ်းကင်းလွတ်အမြင့် (အမြင့်ဆုံးရေအမှတ်ထက် ၄၆) ပေရှိသည်။


အဆိုပါတံတားကို ပြည်ထောင်စုငွေလုံးငွေရင်း လျာထားရန်ပုံငွေကျပ် ၁ ဒသမ ၅ ဘီလျံနှင့် ပြည်နယ်ငွေလုံးငွေရင်းလျာထားရန်ပုံငွေကျပ် ၂ ဘီလီယံ စုစုပေါင်း ၃ ဒသမ ၅  ဘီလီယံဖြင့် တည်ဆောက်ခြင်းဖြစ်ကာ တည်ဆောက်ပြီးစီးပါက မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်သို့ အချိန်တိုအတွင်း ကူးသန်းသွားလာနိုင်မည် ဖြစ်သည်။ ထို့အပြင် ကျိုက်မရောမြို့နယ်အတ္ထရံမြစ်၏အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၉၇ ရွာရှိ ဒေသခံများနှင့် မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း၆၁ ရွာရှိဒေသခံ ပြည်သူများအတွက် လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး(ကျိုက်မရော)