ဘားအံ ၂၄ ဇန်နဝါရီ
ကရင်ပြည်နယ်အတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးနှင့်ဈေးကွက် ချိတ်ဆက်မှုများ မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို MEDA Myanmar မှ ကြီးမှူး၍ သက်ဆိုင်ရာ အစိုးရဌာနများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များမှ တောင်သူလယ်များ စိုက်ပျိုးရေးအရောင်ဆိုင်များ တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ဘားအံမြို့ ကန်သာဦးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် MEDA Myanmar မှ ဒေါ်နော်အိရွှေစင်လင်းမှ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြည်နယ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများတွင် ဟင်းသီး၊ ဟင်းရွက်ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက ကရင်ပြည်နယ်အတွင်း ဟင်းသီးဟင်ရွက်စီမံကိန်း၏ ရည်ရွယ်ချက်နှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ၊ တောင်သူများအတွက် သမချေးငွေဆိုင်ရာများ၊ ဈေးကွက်သတင်း အချက်အလက် မျှဝေခြင်း၊ စိုက်ပျိုးရေးကုမ္ပဏီများ၏ ဝန်ဆောင်မှု လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူ ရောင်းချသူများကို ဈေးကွက်ချိတ်ဆက် အကြံပြုခြင်းစသည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်နှင့် စိုက်ပျိုး ထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်များ ဈေးကွက်ရှိရေးသည် အဓိက အချက်များဖြစ်ရာ အဆိုပါဈေးကွက်ကို ချိတ်ဆက်မှု အားကောင်းနိုင်ရေးအတွက် ဦးစွာဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)