တောင်ငူ   ၂၄ ဇန်နဝါရီ 


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာ၊ ဆင်ဆိပ်အုပ်စု၊ ရှေးဟောင်း သမိုင်းဝင် စည်းခုံကြီးဘုရားအရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ တောင်ငူကြီးမြို့ဟောင်းအတွင် အရိုးအိုးများ စုပေါင်းမြုပ်နှံထားသော နေရာကို တူးဖေါ်တွေ့ရှိရကြောင်း သိရှိရသည်။ 

123


"ဘုန်းကြီးကို လာလျှောက်တာ နေ့တောင်မမှတ်မိတော့ဘူး တစ်ပါတ်လောက်တော့ ရှိသွားပြီ ငှက်ပျောစိုက်ဖို့ ထွန်စက်နဲ့မြေညှိရင်း အရိုးအိုးတွေ တွေ့တယ်ဆိုလို့ သွားကြည့်တော့ ဟုတ်တယ် အုတ်ချပ်ကြီးတွေကလည်း အကြီးကြီးတွေ။ မနေ့ကပဲ ပဲခူး ရှေးဟောင်းသူ့တေသနအဖွဲ့ လာပြီးကြည့်ရှုလေ့လာတယ်။ ဘယ်ခေတ်ကဆိုတာတော့ ပြောလို့မရသေးဘူးပေါ့။ ဒေသခံတွေကို အခုတွေ့တဲ့  အရိုးအိုးကုန်းကို ခြေရာလက်ရာမပျက်ထားဖို့ ဆက်လက်ပြီး တူးဖော် စစ်ဆေးစရာတွေရှိသေးတယ်လို့တော့ ပြောတာပဲ" ဟု ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းက စည်းခုံကြီးဘုရားကျောင်းတိုက်သို့ ရောက်ရှိစဉ် ဆရာတော် ဉူးကောဏ္ဍည ကမြွက်ကြားသည်။


ဆရာတော်၏ ညွှန်ပြချက်အရ စည်းခုံကြီးဘုရား အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာ ဒေသခံ တောင်သူများ ငှက်ပျောစိုက် ခင်းများအတွင်းသို့ သွားရောက်ခဲ့ပြီး နေရာအနှံ့အပြား၌ ရှေးဟောင်း အုတ်ကျိုးအုတ်ပဲ့များစွာ တွေ့ရှိရကာ အရိုးအိုးများ မြုပ်နှံထားသော ကုန်းနေရာတစ်ခုလုံး အုတ်လေးလွှာဖြင့် ပြုလုပ်ထားကာ စိုက်ပျိုးရေးအတွက် ထွန်ယက်ခြင်းများဆောင်ရွက်ခဲ့သည့်အတွက် အုတ်နှစ်လွှာသာ ကျန်ရှိတော့သည်ကို တွေ့ရှိရသည်။ အရိုးအိုးများမှာ မြေအိုးငယ်များအစီအရီ မြုပ်နှံထားခြင်းဖြစ်ရာ နေရာအနှံ့အပြားတွင် တွေ့ရှိရဆဲ ဖြစ်သည်။ 

"ကျွန်တော်တို့တွေ့တာကြာပြီ တောင်သူ တောင်သားဆိုတော့လည်း ဘယ်သိမလဲဗျာ ထွန်စက်နဲ့ ထယ်ထိုးတော့ အိုးတွေမှ တအားပဲ တစ်ခွပ်ခွပ်နဲ့ နေတယ်။ ခေါင်းလောင်းတွေတွေ့တယ် ပန်းကန်တွေ တွေ့ တယ် ဒီနားဝန်းကျင်ကရွာတွေကပဲ ယူသွားကုန်းတာပဲ"ဟု အမြန်လမ်းမကြီး အနောက်ဘက်ရှိ ကုက္ကိုလ်ပင်ရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။ 


ကျုံးအထပ်ထပ်နှင့် မြို့ရိုးအထပ်ထပ်ရှိသော တောင်ငူကြီးမြို့ဟောင်းအတွင်း ငုတ်လျှိုးကွယ်ပျောက်နေသည့် သမိုင်းဝင်နေရာများ ရှိနေသေးသည့်အလျောက် ထိုဒေသအတွင်း အခင်းများ စိုက်ပျိုးထွန်ယက် လုပ်ကိုင်ကြသော ဒေသခံများအား အမြန်ဆုံး အသိပညာပေးရန် လိုအပ်နေပြီး ယခုကဲ့သို့ တွေ့ရှိရသော နေရာ များကို ကာကွယ်ထိန်းသိမ်းရန်လိုအပ်လျက်ရှိနေသည်။ 


ကိုလွင်(ဆွာ)