ပင်းတယ   ၂၄  ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး ကျိက္ကဆံကွင်း၌ ဇန်နဝါရီလ ၂၅ ရက်မှ ၃၀ ရက်အထိ နံနက် ၁၀နာရီမှ ည ၁၁ နာရီထိ မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့်ခရီးသွား လုပ်ငန်းမြင့်တင်ရေးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်ပေးသည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ တိုင်းရင်းသားများ၏ ရိုးရာအကပဒေသာ ဖျော်ဖြေပွဲကြီး၌ ဓနု တိုင်းရင်းသားများလည်း ကိုယ်စားပြုအကအဖွဲ့ဖြင့် ဝင်ရောက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အကပဒေသာပွဲကြီးတွင် သွားရောက်ဖျော်ဖြေမည့် ဓနုတိုင်းရင်းသားများ၏ ကိုယ်စားပြုအကအဖွဲ့ဖြစ်သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှ ဓနုတိုင်းရင်းသား များ၏ရိုးရာအမွေ ကျားမင်း တောင်ရိုး ဓနုသိုင်းအကအဖွဲ့နှင့် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာမှ ရိုးရာ အမွေ ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအကအဖွဲ့တို့အား ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ  ဦးအာကာလင်း၏ လမ်းညွှန်ချက်အရ ဓနုဒေသဦးစီးအဖွဲ့မှ အက ဖွဲ့အတွက်ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ပြခန်းအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း စုစုပေါင်း ကျပ်သိန်း(၂၀) ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရပြီး အဆိုပါပွဲတော်၏(Miss Ethnic Myanmar 2019) သို့ဝင်ရောက်ယှဉ်ပြိုင်မည့် ပင်းတယကိုယ်စားပြု ဓနုမယ်မသူဇာဇော်အား ကူညီထောက်ပံ့ငွေ (၂) သိန်း ကျပ်ကိုပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)