အောင်လံ ၂၄ ဇန်နဝါရီ
အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာတွင် ဇန်နဝါရီ ၂၃ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၇)လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲက အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာနေ ဦးဆယ်ကြီး၊ ၃၄ နှစ်၏ နေအိမ်၌ ထမင်းချက်ရာမှ ကျန်ရှိသည့် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဦးဆယ်ကြီး၏ သက်ငယ်မိုး၊ ထရံကာ နေအိမ်(၁)လုံး၊ ဦးကျော်စိုး၏ သက္ကယ်မိုး၊ ထရံကာ နေအိမ်(၁)လုံး၊ ဦးအောင်ကျော်၏ သက်ငယ်မိုး၊ ထရံကာ နေအိမ်(၁)လုံး၊ ဦးအောင်ဝင်း၏ သွပ်မိုး၊ ထရံကာ နေအိမ်(၁)လုံး၊ ဦးဇော်လင်း၏ သွပ်မိုးထရံကာ နေအိမ်(၁)လုံး၊ ဦးတင်ထွန်း၏ သွပ်မိုး၊ ထရံကာနေအိမ်(၁)လုံး၊ ဒေါ်ယဉ်ထွေး၏ သွပ်မိုး၊ ထရံကာ နေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ် (၇)လုံး နှင့် ဦးဆယ်ကြီး ပိုင်ဆိုင်သော NEW XONBO CZI 125 အနက်ရောင် ဆိုင်ကယ်(၁)စီး၊ ဦးတင်ထွန်း ပိုင်ဆိုင်သော စပါး(၁၅) တင်း၊ ဦးအောင်ဝင်း ပိုင်ဆိုင်သော မြေပဲ(၈)တင်းတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဦးဆယ်ကြီးအား ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ကျော်ဇေယျ)
