မိုင်းဖြတ် ၂၄ ဇန်နဝါရီ
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့၊ တာချီလိတ်-ကျိုင်းတုံသွားပြည်ထောင်စုလမ်းမပေါ်၌ တာချီလိတ်မှ ကျိုင်းတုံသို့ မောင်းနှင်လာသည့် ယာဉ်မောင်းထံမှ အမေရိကန်နှင့် ထိုင်းနိုင်ငံလုပ် ကျည်ဆန်များကို ဇန်နဝါရီ ၂၃ ရက်နေ့ညပိုင်းက ဖမ်းဆီးရမိသည်။
ဇန်နဝါရီ ၂၃ ရက်နေ့ည ၈ နာရီခွဲအချိန်ခန့်တွင် မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ကျော်နိုင် ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်-ကျိုင်းတုံသွား ပြည်ထောင်စုကားလမ်းမပေါ် ရဲစခန်းအရှေ့ဘက် တစ်မိုင်ခန့်အကွာ မိုင်းဖြတ်မြို့ ဘီးခွန်ဂိတ်အနီး၊ မိုင်တိုင်အမှတ် ၇၁၁/၇၁၂ ကြားတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးရာ တာချီလိတ်မှ ကျိုင်းတုံသို့ လာသည့် ယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်မောင်းစိုင်းအိုက်ပီ(၃၂ နှစ်)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့နေသူသည် ကားပေါ်မှဆင်းပြီး ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစစ်ဆေးရာ ၄င်းထံမှ (.၄၅) အော်တိုအမေရိကန်နိုင်ငံလုပ် ခဲရောင်ကျည် (၁၂)တောင့် ထည့်ထားသော ကျည်အိမ်တစ်ခုနှင့် မီးခိုရောင်အိတ်အတွင်းမှ အမေရိကန်နိုင်ငံလုပ်ကျည် (.၄၅) အော်တိုအမေရိကန်နိုင်ငံလုပ် ခဲရောင်ကျည်(၇)တောင့်(ခဲရောင်)နှင့် ထိုင်းနိုင်ငံလုပ် (.၄၅) အော်တိုရွှေရောင်ကျည်(၁၉)တောင်၊ စုစုပေါင်း (၃၈)တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိသည်။
အမှုမှ တရားမဝင် ခဲယမ်းကိုင်ဆောင်သူ စိုင်းအိုက်ပီကို မိုင်းဖြတ်မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)