နေပြည်တော် ၂၄ ဇန်နဝါရီ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကြမ်းများကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော် ကိ်ုယ်စားလှယ် ဦးသိန်းလွင် အစား ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန် အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုး အစား မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်လှဌေး (ခ) ဒေါ်အုန်းကြည် အားလည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို လွှတ်တော်သို့ တင်ပြ၍ သဘောတူညီချက် ရယူသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမာန်လောမောင်း အစား မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း အား ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို လွှတ်တော်သို့ တင်ပြ၍ သဘောတူညီချက်ရယူသည်။
ဆက်လက်၍ အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ် က အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ၆ လတာကာလ (၂၀၁၈ ခုနှစ်၊ ဧပြီ ၁၀ ရက်မှ အောက်တိုဘာ ၉ ရက်အထိ) အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ယခုအခါ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ သက်တမ်းမှာ (၂) နှစ်ပြည့်မြောက် ပြီးဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် (၂) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ အခြေခံလျက် အချက် ၄ ချက်ကို အကြံပြုလိုပါကြောင်း၊ ပထမ အကြံပြုချက်အနေဖြင့် ပညာရေးမူဝါဒများ၊ စီမံကိန်းများကို လေ့လာသုံးသပ် အကဲဖြတ် အကြံပြုရေးဖြစ်ပါကြောင်း၊ ကော်မရှင်က ပညာရေးမူဝါဒများ၊ ပညာရေး စီမံကိန်းများ အကောင်အထည်ဖော်မှုကို ကဏ္ဍအလိုုက် သို့မဟုတ် ကဏ္ဍခွဲအလိုက် စနစ်တကျ လွှမ်းခြုံ သုံးသပ်အကဲဖြတ် အကြံပြုသင့်သည် ဖြစ်ရာ ထိုလုပ်ငန်းတာဝန်ကို ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ကော်မရှင်တို့အကြား ပညာရေးဆိုင်ရာ စာရင်းအင်းနှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်မည့် ယန္တရားတစ်ခု ထူထောင်ဆောင်ရွက်ရန်နှင့် ကော်မရှင်ရုံးတွင် စီမံကိန်းလုပ်ငန်း ကြီးကြပ်အကဲဖြတ် သဘောတရားများကို နားလည်ပြီး၊ သုတေသနနည်းပညာ ကျွမ်းကျင်သည့် ဝန်ထမ်းများ တိုးချဲ့ခန့်ထား ပြုစုပျိုးထောင်ရန်တို့ ဖြစ်ပါကြောင်း။
ဒုတိယအကြံပြုချက်အနေဖြင့် ကော်မရှင်၊ ကော်မတီများနှင့် ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှှိုနှိုင်းမှု အားကောင်းစေရေးဖြစ်ပါကြောင်း၊ ကော်မရှင်နှင့် ကော်မရှင်က ဖွဲ့စည်းထားသော ကော်မတီများနှင့် ပညာရေးဝန်ကြီး ဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု၊ ပူးပေါင်းလုပ်ဆောင်မှု ပိုမိုအား ကောင်းရေးအတွက် ပုံမှန်ပေါင်းစပ်ညှိနှိုင်းရေးယန္တရား တစ်ခု ထူထောင်ဆောင် ရွက်ရန်ဖြစ်ပါကြောင်း။
တတိယအကြံပြုချက်အနေဖြင့် သက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ညှိနှိုင်းဆွေးနွေးရေး ဖြစ်ပါကြောင်း၊ ထို့ကြောင့် အများပြည်သူနှင့်သက်ဆိုင်သည့် ပညာရေးမူဝါဒများကို ရေးဆွဲရာတွင် သက်ဆိုင်သူ ပုဂ္ဂိုလ်များအားလုံး အကျုံးဝင်ပြီး၊ ထိရောက်သော မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးမှုဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်၏ ဘဏ္ဍာရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ကို တိုးမြှင့်ဖွဲ့စည်းပေးရန် ဖြစ်ပါကြောင်း။
စတုတ္ထအကြံပြုချက်အနေဖြင့် နိုင်ငံတကာပညာရေး မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးဖြစ်ပါကြောင်း၊ ကော်မရှင်နှင့် ကော်မတီများသည် ပညာရေးမူဝါဒများ၊ အဆင့်အတန်းများ၊ စံချိန်စံညွှန်းများ စသည်တို့ကို ဖော်ထုတ်သတ်မှတ် အကြံပြုပေးရမည့် အဖွဲ့အစည်းများ ဖြစ်သည်နှင့်အညီ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများ၊ မူဝါဒဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များကို နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်သော မူဝါဒများကို ရေးဆွဲဖော်ထုတ် အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် အမျိုးသားပညာရေး မူဝါဒကော်မရှင်သည် အမျိုးသားပညာရေးစနစ်၏ အဆင့်အသီးသီးတွင် ပိုမိုထိရောက်ပြီး စွမ်းဆောင်ရည်ရှိသော ပညာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းနိုင်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ရေရှည်တည်တံ့ခိုင်မြဲမှုကို ပံ့ပိုးပေးနိုင်ရန်တို့အတွက် အမျိုးသားပညာရေးဥပဒေပါ ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ဆောင်ရာတွင် ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်သူများ အားလုံးနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်း က နိ်ုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိ်ုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင် က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော မြန်မာနိုင်ငံစာရင်း ကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ကို ဖတ်ကြားတင်ပြရာတွင် မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် နှစ်ချက်ဖြင့် ၂၀၁၈ခုနှစ် ဒီဇင် ဘာ ၂၇ ရက်တွင် ပြန်လည်ပေးပို့လာခဲ့ပါကြောင်း၊ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အပေါ် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်နိုင်ရေး ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာတင်ပြရန် ပြည်ထောင်စုလွှတ်တော် နာယက က ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် တာဝန်ပေးအပ်ခဲ့ပါကြောင်း။
သို့ဖြစ်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များနှင့် အစည်းအဝေး ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လေ့လာစိစစ်ခဲ့ကြပါကြောင်း၊ ယင်းအစည်းအဝေးတွင် ဆွေးနွေးချက်များအရ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း၏ အပိုဒ် ၈ ပါ ပုဒ်မ ၂၉၊ ပုဒ်မခွဲ(ခ) နှင့် အပိုဒ် ၂၀ပါ ပုဒ်မ ၉၅ တို့ကို နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
သို့ပါ၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြ အပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်း ဆွေးနွေး၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ခုနှစ်၊ ကာလ လတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာထုတ်ပြန်ရေးနှင့် ၄င်းအစီရင်ခံစာအပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင် ခံစာ (၁/၂၀၁၉) တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်ပကြွေးမြီ အများစုသည် အတိုးနှုန်း သက်သာပြီး ပြန်ဆပ်ကာလကြာရှည်သော ချေးငွေများဖြစ်သော်လည်း နှစ်စဉ် အတိုးအရင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်၍ ပြည်ပချေးငွေများကို ထိထိရောက်ရောက် အကျိုးရှိစွာ အသုုံးပြုရန် လိုအပ်သကဲ့သို့ အတိုးနှုန်း မြင့်မားနေသည့် ချေးငွေများကို ဆောလျင်စွာ ပြန်ဆပ်သင့်ကြောင်းကို အကြံပြုလိုပါကြောင်း။
ကမ္ဘာဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့၏ သတ်မှတ်ချက်အရ အလယ်အလတ်အဆင့် ဝင်ငွေနည်းပါးသည့် နိုင်ငံတွင် ပြည်တွင်း၊ ပြည်ပကြွေးမြီနှင့် GDP အချိုးမှာ ၃၈ ရာခိုင်နှုန်းထက် မကျော်စေရဆိုသော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ကြွေးမြီနှင့် GDP အချိုးမှာ ၃၈ ဒသမ ၃ ဖြစ်သောကြောင့် ကြွေးမြီခံနိုင်ရည်ရှိမှု ကန့်သတ်ချက်ဘောင်ထက် အနည်းငယ် ကျော်လွန်လျက် ရှိသဖြင့် ထိုအချိုးကို လျှော့ချနိုင်ရန် ကြိုးပမ်းသင့်ပါကြောင်း၊ ဘတ်ဂျက် လိုငွေနှင့် GDP အချိုးမှာလည်း ၅ ရာခိုင်နှုန်းထက် မြင့်မားလျက်ရှိသဖြင့် ထိုအချိုးအစားကို နိမ့်ကျသွားစေရန် ကြိုးပမ်းခြင်းဖြင့် ကြွေးမြီခံနိုင်ရည်ရှိမှုကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်သင့်ပါကြောင်း အကြုံပြုဆွေးနွေးသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက ချေးငွေတစ်မျိုးချင်းနှင့် စပ်လျဉ်း၍ စာချုပ်ပါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ မူလရည်မှန်းချက်များနှင့်အညီ လုပ်ငန်းအကောင်အထည် ဖော်နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ချေးငွေထုတ်ယူမှု မှန်ကန်ထိရောက်ရေးတို့ကို အကြံပြုလိုပါကြောင်း၊ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း ၃၂ ခု ရှိသည့်အနက် ၈ ခုသာ ကိုယ်ပိုင်ရန်ပုံငွေနှင့် ကြွေးမြီများကို ပေးဆပ်နိုင်ပြီး ကျန် ၂၄ ခုကို နိုင်ငံတော်က တာဝန်ယူပေးဆပ်နေရသည့်အတွက် နိုင်ငံတော်အတွက် ဝန်ထုပ် ဝန်ပိုးဖြစ်နေမှုအပေါ် နည်းလမ်းများ ရှာဖွေသင့်ပါကြောင်း။
နောင်တွင် ချေးငွေများ ချေးယူရာ၌ နိုင်ငံနှင့် ပြည်သူအတွက် အကျိုးသက်ရောက်နိုင်မှု အနေအထား၊ ချေးငွေများ ပြန်လည်ပေးဆပ်ရန်နှင့်ဝင်ငွေ ပြန်လည် ရရှိနိုင်မှု အလားအလာ မျှော်မှန်းချက်၊ ချေးငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ၏ အရေးပါမှု၊ လုပ်ငန်းအောင်မြင် တိုးတက်နိုင်မည့် အလားအလာ၊ ချေးငွေဝန် ထုပ်ဝန်ပိုး ဖြစ်နိုင်မှု အခြေအနေများကို ကြိုတင်တွက်ချက်မှန်းဆထားသင့်ပါကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အခြေအနေ၊ လုပ်ငန်းများတိုးတက်မှုနှင့် ပြီးပြတ်မှု အခြေအနေများကိုလည်း လွှတ်တော်သို့အခါအားလျော်စွာ အစီရင်ခံတင်ပြ သင့်ပါကြောင်း။
ချေးငွေ ဝန်ထုပ်ဝန်ပိုးကျဆင်းလာရန်၊ နိုင်ငံတော်၏ အခွန်အကောက် ပိုမိုရရှိလာ နိုင်ရေးနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ဝင်ငွေကျဆင်းလာမှု၊ အရှုံးဖြစ်ပေါ်နေမှုနှင့် လုပ်ငန်းရပ်ဆိုင်းနေမှုများကိုလည်း ဖြေရှင်းဆောင်ရွက်နိုင်မှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်းနှင့် နိုင်ငံ၏ ငွေကြေးတန်ဖိုး တည်ငြိမ်ရေးကိုလည်း အလေးထား ထိန်းညှိဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းကိစ္စတို့နှင့် စပ်လျဉ်း၍ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ သရက်မဲဆန္ဒနယ် မှ ဦးကံမြင့်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ) နှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ ဦးမောင်မောင်အုန်း တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဇန်နဝါရီ ၂၉ ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်