မန္တလေး - ၂၄ ဇန်နဝါရီ

 

မန္တလေးတိုင်းတွင် e-Government စနစ်တိုးတက်စေရန် ရည်ရွယ်ပြီး Data Center ပဏာမ ဖွင့်လှစ်ခြင်းအခမ်းအနား ကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။

 

မန္တလေးတိုင်း ဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးအတွက် ၂၀၁၆ ဇွန်လမှ စတင်ကာ e-Government စနစ် အကောင်အထည်ဖော်ရေး ကော်မတီကို စတင်ဖွဲ့စည်းခဲ့သည်။ 

 

"Data Center ကို ဒီနေ့ ပဏာမဖွင့်လှစ်တာဖြစ်ပါတယ်။ ဒီစင်တာကနေ၂၄ နာရီ ဝန်ထမ်းတွေနဲ့ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်''ဟု e-Government စနစ် အကောင်အထည်ဖော်ရေး ကော်မတီ တွဲဖက်အတွင်းရေမှူး ဦးအောင်ကျော်စိုးကပြောသည်။

 

၂၀၁၆ ခုနှစ် ဇွန်လကုန်ပိုင်းတွင် eMandalay Web Portal ကိုစတင်တည်ထောင်ရန် ဆောင်ရွက်ခဲ့ပြီး Master plan ရေးဆွဲခဲ့သည်။ 

 

အဆိုပါ Master Plan တွင် အဆင့် ၄ ဆင့်ရှိငည့် Web Portal တစ်ခု လွှင့်တင်ရန် ၊ အထက်မြန်မာပြည်ရှိ အစိုရရုံးများ၏ သတင်းအချက်အလက် ဆုံချက် Data Center တည်ထောင်ရန်၊ e-Department တည်ထောင်ရန် ၊ ပုဂံသို့လာရောက်သည့် ပြည်တွင်း ၊ ပြည်ပဧည့်သည်များ အဆင်ပြေလွယ်ကူစေရန် Mobile Application တစ်ခု ပြုလုပ်ရန် အစီစဉ်များပါဝင်ရေးဆွဲခဲ့သည်။

 

eMandalay Web Portal ကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက်တွင် အများပြည်သူအသုံးပြုရန်စတင်လွှင့်တင်ခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးမှာ ဌာနဆိုင်ရာ ၁၅၃ ခုရှိသည့်အနက် ဌာနဆိုင်ရာ ၇၁ ခု၏ အချက်အလက်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအား eMandalay Web Portal တွင် လွှင့်တင်ထားပြီးဖြစ်ကြောင်းသိရသည်။

 

e-Government စနစ်တွင် မန္တလေးမြို့အတွင်း မှုခင်းဖြစ်ပွားမှု ကြိုနင်ကာကွယ် နိုင်ရေး ၊ မှုခင်းဖြစ်ပွားမှုအား အချိန်နှင့် တပြေးညီ သိရှိနိုင်ရေးအတွက် Safe City စီမံကိန်းလည်း ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါစီမံကိန်းတွင် မန္တလေးမြို့အတွင်းတွင် CCTV အလုံး ၃၀ဝ ကျော်ဖြင့် ချိတ်ဆက်ပြီး ဗဟိုထိန်းချုပ်ခန်းမှ AI နည်းပညာ အသုံးပြုပြီး ရှာဖွေခြင်း ၊ အချိန်နှင့် တပြေးညီ စိစစ်ခြင်း တို့လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်