၂၄ ဇန်နဝါရီ
မလေးရှား တော်ဝင်မိသားစုကနေ ဘုရင်အသစ်ကို ဒီကနေ့ ရွေးချယ်တင်မြောက်လိုက်ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့လက ဘုရင် စူလတန် မိုဟာမက်ဗီ ဟာ ရုရှားအလှမယ်ဟောင်းနဲ့ လက်ထပ်ပြီးနောက် သူ့ရဲ့ဘုရင်ရာထူးကို စွန့်လွှတ်ခဲ့ပါတယ်။
ဒီသတင်းဟာ မူစလင်အများစုရှိတဲ့ မလေးရှားနိုင်ငံအတွက် အင်မတန် အံ့အားသင့်စရာသတင်း ဖြစ်နေပါတယ်။ မိုဟာမက်ဗီက သူ့ရဲ့ဘုရင်သက်တမ်း ၂နှစ်အပြီးမှာ နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်သက်တမ်း ၅ နှစ်မှာ တစ်ကြိမ်ရွေးချယ်ရတာဖြစ်ပါတယ်။

အသစ်ရွေးချယ်တင်မြောက်လိုက်တဲ့ အသက် ၅၉ နှစ်အရွယ် ဖဟန်းပြည်နယ်က စူလတန် အက်ဒူလာဟာ FIFA ကမ္ဘာ့ဖလားကော်မတီရဲ့ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိသူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် အာရှဟော့ကီအဖွဲ့ရဲ့ လက်ရှိဥက္ကဌဖြစ်ပြီး မလေးရှားဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်တဲ့အတွက် အားကစားကို အလွန်စိတ်ပါဝင်စားသူတစ်ဦးဖြစ်ပါတယ်။
ရွေးချယ်လိုက်တဲ့ စူလတန် အက်ဒူလာဟာ လာမယ့်ကြာသပတေးနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

တကယ်လို့ ဖဟန်းပြည်နယ်က စူလတန် အက်ဒူလာ က ဘုရင်ရာထူးကို လက်မခံခဲ့ရင် အလှည့်ကျအနေနဲ့ ဂျာဟိုးပြည်နယ်က စူလတန်က တာဝန်ယူရမှာလို့ သိရပါတယ်။
မလေးရှားရဲ့ စူလတန် စနစ်ဟာ ၁၅ ရာစုကစခဲ့ပြီး အဲဒီအချိန်ဘုရင်က သူ့ကို ဘုရားသခင်ဖန်းဆင်းထားတယ်လို့ မှတ်ယူခဲ့ပါတယ်။
MDN
ကိုးကား - AFP