နေပြည်တော် ၂၄ ဇန်နဝါရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အနေဖြင့် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System-CMRS)အရ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ခိုးထုတ်ရန် လမ်းဖောက်လုပ်နေပြီး တရားမဝင်သစ်များခိုးထုတ်သယ်ဆောင်နေကြောင်း သစ်တောဦးစီးဌာနသို့ သတင်းပေးပို့ခဲ့သည်။
သတင်းအရ ပြည်ခရိုင် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ပေါက်ခေါင်းမြို့နယ် မြောက်နဝင်းကြိုးဝိုင်း အကွက်အမှတ်(၈၅)အတွင်းရှိ တယောချောင်းအနီးတွင် တရားမဝင် သစ်ခိုးထုတ်ရန် လမ်းဖောက်လုပ်လျက်ရှိသည့် မြေထိုးစက်(Komatsu) အဝါရောင်တစ်စီးနှင့် မြေထိုးဂေါ် တပ်ဆင်ထားသည့် ထွန်းစက် (KUBOTA) အနီရောင်တစ်စီးတို့နှင့်အတူ ပြစ်မှုကျူးလွန်သူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို ပေါက်ခေါင်းမြို့မရဲစခန်းမှ အမှုဖွင့်ထားကြောင်း သစ်တောဦးစီးဌာန၏ သတင်းထုတ်ပြန်ချက် အရသိရသည်။
မျိုးသူဟိန်း