မန္တလေး  ၂၄  ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e-Government စနစ် တိုးတက်စေရန် ရည်ရွယ်၍ Data Center Soft Launch အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

 

8552

 

အဆိုပါအခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယနေ့ခေတ်တွင် Information Technology စနစ်ကို အသုံးမချဘဲ မည့်သည့်အရာမျှ ဆောင်ရွက်၍ မရနိုင်သဖြင့် အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အစိုးရ၏ လုပ်ငန်းစဉ် တချို့ နှောင့်နှေးကြန့်ကြာမှုများ ရှိသည်ကို ပြည်သူများ မသိရှိကြောင်း၊ ယခုစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် အစိုးရ၏ လုပ်ငန်းများ ပိုမိုလျင်မြန်စွာဖြင့် ပွင့်လင်းမြင်သာမှုများ ရှိလာမည်ဖြစ်ကြောင်း၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအား website များတွင် လွှင့်တင်ကာ ပြည်သူများအား အသိပေးရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မှုမှာ တိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာပညာရှင်များမှ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ပေးမှုကြောင့်ဖြစ်ကြောင်း၊ ၄င်းနည်းပညာရပ်များအား ဆောင်ရွက်နိုင်ရန် လူစွမ်းအား အရင်းအမြစ်ဖြစ်သည့် ပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးကော်မတီ၊ တွဲဖက် အတွင်းရေးမှူး၊ ဦးအောင်ကျော်စိုးက ‘e-Government စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အတွက် ဌာနဆိုင်ရာ တွေနဲ့ ဆက်သွယ်တဲ့အခါမှာ လူကိုယ်တိုင်သွားစရာမလိုဘဲ ဖုန်းကို အသုံးပြုပြီး ဆောင်ရွက်လာနိုင်မယ်။ သွားလာမှု နည်းပါးတဲ့ အတွက် ယာဉ်ကြောရှုပ်ထွေးမှုကိုလည်း လျော့ကျစေနိုင်တယ်။ ဒါအပြင် ဌာနဆိုင်ရာတွေမှာ စာဝင်၊ စာထွက် ကြံ့ကြာမှုတွေကို သက်ဆိုင်ရာ အကြီးအကဲက ဝင်ရောက်ကြည့်ရှုနိုင်တဲ့အတွက် အစိုးရရဲ့ လုပ်ငန်းစဉ်များ လျင်မြန်လာနိုင်တဲ့အပြင် e-Government စနစ်နဲ့ ကျင့်သုံးနေတဲ့အတွက် ပြည်ပနိုင်ငံများရဲ့ ယုံကြည်မှုကို ပိုမိုရရှိပြီး ရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိလာမယ် စတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာပါ’ ဟု ပြောသည်။

 

ထို့နောက် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ Data Center တည်ဆောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့သည့် Lantro(Myanmar)Co.,Ltd အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ e-Government စနစ် အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း၊  Data Center ဆိုင်းဘုတ်အား အမွှေးနံ့သာဖြင့် ပက်ဖြန်းခြင်းနှင့် Data Center အား လှည့်လည် ကြည့်ရှုခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။

 

မန္တလေးတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးကော်မတီမှ ပထမခြေလှမ်းအနေဖြင့် ၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် eMandalay Web Portal လွှင့်တင်ခဲ့ပြီး ယခု ဒုတိယခြေလှမ်းအနေဖြင့် Data Center Soft Launch ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ ၁၅၃ ခု ရှိသည့်အနက် ယခု လက်ရှိတွင် ဌာန ၇၁ ခု၏ အချက်အလက်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား eMandalay Web Portal (www.emandalay.gov.mm) တွင် လွှင့်တင်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)
ဓာတ်ပုံ- အောင်ဖြိုးကျော်