နေပြည်တော် ၂၄  ဇန်နဝါရီ 

 

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမမြို့နေ နစ်နာသူတို့က သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်ရှိ အုတ်လုပ်ငန်းရှင်များထံမှ အုတ်ထုတ်လုပ်မှုအတွက် ငွေများကောက်ယူပြီး လိုင်စင်ထုတ်မပေးဘဲ ကိုယ်ကျိုးရယူ သုံးစွဲနေသည့် သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။

 

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းစစ်ဆေးခဲ့ရာ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ဓါတ်သတ္တုထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင် ပြုလုပ်ရန်အတွက် မြေစာရင်းပုံစံ (၁၀၅)/(၁၀၆) ရရှိရေး ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်ဇော်သည် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော ငွေကျပ် ၆၅၀ဝဝဝ ကို လက်ခံရယူခဲ့ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မင်းသည် မြေနီလုပ်ငန်းရှင်ထံမှ ငွေကျပ် ၃၇ သိန်းကို လက်ခံရယူခဲ့ခြင်းနှင့် ၂၀၁၇-၂၀၁၈ အုတ်ဖုတ်ရာသီအတွင်း လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်များထံမှ ဓါတ်သတ္တုခွန်အဖြစ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော ငွေကျပ် ၂၂၄၄၀ဝဝ ကို ရယူခဲ့ခြင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှ သည် ၂၀၁၇-၂၀၁၈ အုတ်ဖုတ်ရာသီအတွင်း လိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင်များထံမှ ကောက်ခံရရှိငွေများအနက် ငွေကျပ် (၈)သိန်းနှင့် ၂၀၁၈ ခုနှစ်အတွင်း ကွင်းဆင်းကောက်ခံရာမှ ရရှိသော ငွေကျပ် (၄)သိန်းတို့အား ရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားကြခြင်း ဖြစ်သဖြင့် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသာလှနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်ဇော် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ သဲကုန်းမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

 

(သတင်းစဉ်)