နေပြည်တော် ၂၄  ဇန်နဝါရီ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အာရှဒေသ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးဌာန Asian Disaster Preparedness Centre (ADPC) တို့မှ ဦးဆောင်၍ ပုဂ္ဂလိကကဏ္ဍ၊ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှုဖြင့် Lessons Learned and Planning Workshop for Myanmar Preparedness Partnership (MPP) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ Hotel Royal ACE ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က တောင်အာရှ၊ အရှေ့တောင်နှင့် အာရှဒေသများတွင် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက် နိုင်ရန်အတွက် အာရှဒေသ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအဖွဲ့ Asian Preparedness Partnership(APP)ကို ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ပါကြောင်း၊ ဒေသအဆင့် APP ၏ လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် Myanmar Preparedness Partnership (MPP)ကို  အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် လူမှုရေး အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားပြီး ဘေးအန္တရာယ် ကျရောက်ပါက  ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းသည် လူတစ်ဦးတိုင်း၊ တစ်ယောက်တိုင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းရပ်ဖြစ်သည့် အတွက် အားလုံးကဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေး ကြရမည်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ် ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးပါက သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ် သည့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်နစ်နာမည့်အပြင် နိုင်ငံ၏ စီးပွားရေးကိုပါ ထိခိုက် နစ်နာမည်ဖြစ်သည့်အတွက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ မြင့်မားသည့် စီးပွားရေးကဏ္ဍများတွင် ဘေးဒဏ်လျှော့ချရေးလုပ်ငန်းများကို ပိုမိုအလေးထား ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် MPP အဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးငွေသိန်းနှင့် ADPC မှ ကိုယ်စားလှယ် Mr. Sisira Madurapperuma တို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး ၂၀၁၈ ခုနှစ်အတွင်း MPP အဖွဲ့မှ တိုင်းဒေသကြီး/ပြည်နယ်(၆)ခုရှိ ခရိုင်(၈)ခုတွင် ဆောင်ရွက်ခဲ့ သည့် လုပ်ငန်းများ၏ အောင်မြင်တိုးတက်မှုများ၊ အတွေ့အကြုံနှင့် သင်ခန်းစာများကို ပြန်လည် သုံးသပ်ဆွေးနွေးခြင်းနှင့် ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို ဆွေးနွေး ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။ 

 

(သတင်းစဉ်)