နေပြည်တော် ၂၄  ဇန်နဝါရီ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)တို့မှ တာဝန်ရှိသူများနှင့် ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့ တွေ့ဆုံစဉ် လူမှုကာကွယ်စောက်ရှောက်ရေး လုပ်ငန်းများအား ပိုမိုကျယ်ပြန့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီ စသည်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ပြည်သူ့ကျန်းမာရေးဆိုင်ရာများ၊ ရင်ခွင်မဲ့ကလေး စောင့်ရှောက်ရေးဆိုင်ရာများ၊ အမျိုးသမီးရေးရာများ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာများ စသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းများနှင့် သက်ဆိုင်သော နယ်ပယ်များပါဝင်သဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) တို့နှင့်ပူးပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာခဲ့ရသူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရာ၌ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ တို့နှင့်ညှိနှိုင်း၍ ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှုမရှိစေရေး၊ ဒေသဆိုင်ရာ အခြေအနေနှင့် မလိုအပ်သော ပဋိပက္ခများမဖြစ်ပွားစေရေး၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ လိုအပ်သောနေရာများတွင် Family Shelter များ ဆောက်လုပ်ပေးနိုင်ရေး၊ စားနပ်ရိက္ခာဖြန့်ဖြူးမှုဆိုင်ရာ သတင်းအချက်အလက်များကို ဝန်ကြီးဌာနသို့  မျှဝေပေးနိုင်ရေး တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့အပြင် ၂၀၁၉ ခုနှစ်တွင် ကြက်ခြေနီ လှုပ်ရှားမှုဆောင်ရွက်ရန် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များ ရရှိပြီးဖြစ်သောကြောင့် ဝန်ကြီးဌာနနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)