မောင်တော ၂၄ ဇန်နဝါရီ  

 

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပသတင်းဌာန များမှ သတင်းမီဒီယာသမားများသည် ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာ၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာ၊ မောင်တောမြို့မဈေး နှင့် ရွှေဇားစေတီပြင်ကျေးရွာတို့သို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်းသတင်းရယူကြသည်။ 

 

85220

 

ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာသမားများသည် ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာသို့ ရောက်ရှိ ပြီး ကျေးရွာနေတိုင်းရင်းသားများနှင့်တွေ့ဆုံ၍ မေးမြန်းသတင်းရယူကြသည်။

 

ထို့နောက် အင်းဒင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံ မေးမြန်းသတင်းရယူကာ ကျေးရွာအတွင်း လိုက်လံသတင်းရယူကြသည်။

 

ယင်းနောက် ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာသမားများသည် မောင်တောမြို့သို့ရောက်ရှိပြီး မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းသတင်းရယူကြသည်။ 

 

တွေ့ဆုံစဉ် မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက UEHRD အစီအစဉ်ဖြင့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကူညီထောက်ပံ့မှုအခြေအနေများ၊ နေအိမ်များပြန်လည်နေရာချထားနိုင်ရေးဆောင်ရွက် နေမှုအခြေအနေများ၊ ပြန်လည်လက်ခံရေးစခန်းများ တည်ဆောက်ထားရှိမှုအခြေအနေနှင့် လက်ရှိလုံခြုံရေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် သတင်းမီဒီယာသမားများကလုံခြုံရေး၊ ပြန်လည်လက်ခံရေး၊ လတ်တလောတိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် အခြားသိရှိလိုသည်များကို မေးမြန်းကြရာ မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးဦးရဲထူးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။ 

 

ဆက်လက်၍ သတင်းမီဒီယာသမားများသည် မောင်တောမြို့မဈေးနှင့် ရွှေဇား စေတီပြင်ကျေးရွာတို့၌ သိရှိလိုသည်များကို မေးမြန်းသတင်းရယူကြပြီး အစ္စလာမ်ဘာသာဝင်များအားတွေ့ဆုံ၍ မောင်တောမြို့နယ် အောင်ဗလချောင်းဝကင်းစခန်း အနီးရှိ နယ်စပ်ခြံစည်းရိုးသို့ သွားရောက်သတင်းရယူကြသည်။ 

 

သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ်မောင်တောဒေသသို့ သွားရောက် သတင်းရယူမှုအနေဖြင့်  ၂၀၁၆ ခုနှစ်တွင် ၁ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၈ ကြိမ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၆ ကြိမ်နှင့် ၂၀၁၈ ခုနှစ် မတ်လမှစတင်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်အကောင်အထည်ဖော်ရေးကော်မတီ၏  အစီအစဉ်ဖြင့် ၁ လလျှင် နှစ်ခေါက်နှုန်းဖြင့် ၁၅ ကြိမ် သတင်းရယူခဲ့ရာ ယခုအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း အကြိမ် ၃၀ ရှိပြီ ဖြစ်ကြောင်း သိရသည်။ 

 

သတင်း- မျိုးမြင့် (သတင်းစဉ်)
ဓာတ်ပုံ -သက်လွင်စိုး (ပြန်/ဆက်)