ပင်လည်ဘူး ၂၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် ပင်လည်ဘူး - ကောလင်းသွား ကားလမ်း ပင်လည်ဘူးမြို့ အထွက်တွင် တရားမဝင် သယ်ဆောင်လာသော သစ်ဆွဲဆင်တစ်ကောင်နှင့် ကားတစ်စီးအား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမြင့်ကျော်ပါ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်း ဖမ်းဆီးရေးအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပင်လည်ဘူး-ကောလင်းသွား ကားလမ်း ပင်လည်ဘူးမြို့ အထွက်တွင် စောင့်ဆိုင်းနေစဉ် ပင်လည်ဘူးဘက်မှ ကောလင်းဘက်သို့ ယာဉ်မောင်းမြင့်လွင်ဦး မောင်းနှင်ပြီး ဇော်ဝင်းထွန်း (ဆင်ဦးစီး) လိုက်ပါလာသော အဖြူရောင် ၆ ဘီး ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် အမြီးအရှည် ၃ ပေ ၁၀ လက်မ၊ အမြင့် ၇ ပေ ၈ လက်မ၊ အလျား ၁၁ ပေ ၆ လက်မ၊ ကိုယ်လုံးပတ် ၁၁ ပေခန့်၊ ကျောငှက်ပျောကိုင်းပုံသဏ္ဍာန် မအေး အမည်ရှိ ဆင်မ တစ်ကောင်အား တွေ့ရှိရသည်။
ဆင်ပိုင်ရှင်အားမေးမြန်းရာ မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာနေ ဝင်းကိုဆိုသူဖြစ်ပြီး ဆင်ပိုင်ရှင်မှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။
အဆိုပါဆင်နှင့်ပတ်သက်၍ ပိုင်ဆိုင်မှု အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်မှုမရှိခြင်း၊ သယ်ဆောင်ရန် သက်ဆိုင်ရာ ဌာန၏ ခွင့်ပြုမိန့်မရှိခြင်းတို့ကြောင့် ဆင်အား မြန်မာ့သစ်လုပ်ငန်း ကောလင်းသစ်ထုတ်လုပ်ရေးဒေသ ကောလင်းမြို့သို့ ပို့ဆောင်ပြီး သယ်ဆောင်သူနှင့်ပိုင်ရှင်အား ဇဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြင့် ပင်လည်ဘူးမြို့နယ် ရဲစခန်းမှ စစ်ဆေးအရေးယူ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)