မိုးနဲ ၂၅ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကွန်နားကျေးရွာအုပ်စု ကုန်းကျောင်း ကျေးရွာရှိ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်သော မွေတော်ဘုရားရှိစေတီတော်များအနက် စေတီတော်တစ်ဆူကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် စေတီတော်ကြံ့ခိုင်မှုအတွက် ရှေးမူမပျက် ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစေတီတော်နေရာသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဝိဇ္ဇာရိယကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာဃိန္ဒနှင့် သံဃာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကိုမြင့်၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နေမှုအား ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်၌ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်များသည် နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာ စက်တော်ရာ ဘုန်းတော်ကြီးကျောင်းသွားလမ်း ပြုပြင်နေမှု အခြေအနေကို လည်းကောင်း၊ ရှေးဟောင်းစေတီဘုရားများပရဝဏ် နယ်နိမိတ်သတ်မှတ်ခြင်း၊ ကျေးလက်ခန်းမဆောင်နှင့် ဓမ္မာရုံဆောက်လုပ်မည့် မြေနေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)