နေပြည်တော် ၊ ၄ ဇန်နဝါရီ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၃)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်( ၂၀၀)ကျပ်တန်(၃)မျိုးအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်မှ စတင်ပြီး နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို အလုံးရေသုံးသိန်းစီနှင့် ပထမနေ့စာအိတ် (Firstday Cover)အလုံးရေ(၃၅၀၀ )ကိုရောင်းချပေးသွားမည်ဖြစ်သည်။ ရန်ကုန်စာတိုက်ကြီးတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ်တစ်မျိုးကို(၂၅၀၀၀)စီနှင့်ပထမနေ့စာအိတ် (Firstday Cover)အလုံးရေ(၁၇၀၀)ကို တံဆိပ်ခေါင်းစုဆောင်းသူဝါသနာရှင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များ နှင့် အညီရောင်းချပေးခြင်းဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover ) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးခဲ့သည်ဟု သိရသည်။
#MRTV


